သတင်းစာ သစ်တွေ ဂျာနယ် လောင်းရိပ် မလွတ်သေး

Daily Newspapers in Burma
Image caption ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေ ကို လူအများ စိတ် ဝင်စားနေ

မြန်မာ နိုင်ငံမှာ နှစ်ပေါင်း ၄၀ ကျော် ပိတ်ပင် ခံထားကြရတဲ့ ပုဂ္ဂလိက နေ့စဉ် သတင်းစာ တွေကို ဧပြီလ ၁ ရက်နေ့က စတင် ထုတ်ဝေ နိုင်ခဲ့ပါတယ်။

ခွင့်ပြုချက် ရထားတဲ့ သတင်းစာ ၁၆ စောင် ရှိပေမဲ့ ပထမဆုံး အနေနဲ့ သတင်းစာ လေးစောင်ပဲ ထွက်လာ နိုင်ပါသေးတယ်။

ဆယ်စု နှစ်ပေါင်း များစွာ အတွင်းမှာ ပထမဆုံး ပြန်လည် ထွက်လာမယ့် ပုဂ္ဂလိက သတင်းစာတွေကို လူအများ မျှော်လင့် နေခဲ့ကြ ပါတယ်။

အရင် ခေတ်က လူထု သတင်းစာနဲ့ မန်းခေတ် ပုဂ္ဂလိက သတင်းစာတိုက် နှစ်ခုမှာ အယ်ဒီတာ လုပ်ခဲ့ဖူးသူ စာနယ်ဇင်း သမား ဦးသာနိုးက တော့ အခု ထွက်လာတဲ့ သတင်းစာ တွေဟာ သာမန် သတင်း တွေကို ပုံမှန် တင်ဆက်ထားပြီး ရောင်စုံ ကာလာနဲ့ ဓါတ်ပုံတွေကို ဖော်ပြတာက လွဲရင် စာဖတ် သူတွေ ဖတ်ချင်အောင် ရေးသား ဖော်ပြတာ မတွေ့ရဘူးလို့ ပြောပါတယ်။

သတင်းစာ အသစ်တွေ အနေနဲ့ သတင်း လွတ်လပ်ခွင့်ကို အမိအရ ဆုပ်ကိုင် ရေးသားတာမျိုး ရှိမရှိ ဘီဘီစီရဲ့ မေးခွန်းကိုတော့ အခု ဖတ်မိတဲ့ သတင်းစာထဲမှာ အစိုးရကို ဝေဖန် ထောက်ပြ တာမျိုး ထူးထူး ခြားခြား မတွေ့ရတဲ့ အတွက် မပြောနိုင်ဘူးလို့ ဦးသာနိုးက ဆိုပါတယ်။

အရင် ပုဂ္ဂလိက သတင်းစာ တွေ ခေတ်ကို သိမီ ခဲ့တဲ့ ဝါရင့် စာနယ်ဇင်း သမား တစ်ယောက် ဖြစ်တဲ့ ဆရာ ဦးမိုးသူကလည်း အရင်ခေတ်က သတင်းစာ ပုံစံနဲ့ ကြီးပြင်း လာခဲ့ရတဲ့ သူ အနေနဲ့ အခု ထွက်လာတဲ့ ပုဂ္ဂလိက သတင်းစာ တွေရဲ့ အပြင် အဆင် အရေး အသားဟာ ကျွမ်းကျင်တဲ့ ပုံမျိုး မတွေ့ရတဲ့ အပြင် သတင်းစာ ပုံစံ ပြီပြီ ပြင်ပြင် မဟုတ်ဘဲ ဂျာနယ် သတင်း ပုံစံ ရေးသား တင်ပြမှု တွေသာ တွေ့ရတယ်လို့ ပြောပါတယ်။

ပုဂ္ဂလိက သတင်းစာတွေ အနေနဲ့ ဖြန့်ချိရေးနဲ့ စျေးကွက်ထဲ ရောက်ရှိရေး တို့ အပါအဝင် ရပ်တည် နိုင်ရေးကို ကြိုးစားကြရဦးမှာ ဖြစ်တယ်လို့ လည်း သူက သုံးသပ် ပါတယ်။

တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင် ဖွံ့ဖြိုးဖို့ ဆိုရင် ပုဂ္ဂလိက အခန်း ကဏ္ဍ အောင်မြင် ဖို့ လိုအပ်တဲ့ အတွက် သူ့ အနေနဲ့ အားနည်းချက် တွေ ရှိတာကို ထောက်ပြ ပေမဲ့ အားပေးရမှာ ဖြစ်တယ်လို့ ဦးမိုးသူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ