ပထမဆုံးပုဂ္ဂလိက မြန်မာနေ့စဉ် သတင်းစာတွေ စထုတ်

ဧပြီလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ ရာစုနှစ် ဝက်လောက် ကာလအတွင်း မြန်မာပြည်သူတွေ ပထမဆုံးအကြိမ် ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေကို စဖတ်ခွင့်ရရှိခဲ့ကြပါတယ်။

ဒီမနက်မှာ ထုတ်ခွင့်ရ နေ့စဉ်သတင်းစာ ၁၆ စောင်အနက် The Voice Daily၊ ကြံ့ခိုင်ရေး ပါတီရဲ့ ပြည်ထောင်စု နေ့စဉ်၊ ရွှေနိုင်ငံ နေ့စဉ်နဲ့ The Standard Time (စံတော်ချိန်) သတင်းစာ လေးစောင် ထွက်ရှိ လာပါတယ်။

နှစ် ငါးဆယ်လောက်အတွင်း ပထမဆုံး ပုဂ္ဂလိက နေ့စဉ်သတင်းစာထွက်လာမှာကို လူတွေ စိတ်ဝင်စားကြပေမယ့် သည်းသည်းလှုပ်လှုပ် လာ၀ယ်တာမျိုးမတွေ့ရဘူးလို့ မနက်စောစော ရွှေဂုံတိုင်လမ်းဒေါင့်က သတင်းစာ ဖြန်ချီတဲ့ ဆိုင်တွေကို သွားကြည့်နေတဲ့ ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုမင်းထက် က ပြောပါတယ်။

တချို့ကလည်း သူတို့တသက်မှာ ပထမဆုံး ပုဂ္ဂလိက သတင်းစာ ဖတ်ရတော့မယ်ဆိုပြီး စိတ်ဝင်စားမှု ရှိကြသလို တချို့ကလည်း သိမ်းထားချင်လို့ဆိုပြီး လာဝယ်ကြတယ်လို့ ဆိုပါတယ်။

အားကစားဂျာနယ်တို့လို အပတ်စဉ်ဂျာနယ်တွေလည်း ဒီကနေ့ ထွက်တာကြောင့် ဂျာနယ်တွေကို အဝယ်များတာတွေ့ရတယ်လို့ ပြောပါတယ်။

ဒီကနေ့ထုတ် သတင်းစာ ၄ စောင်အနက် တွေ့ရတဲ့ သုံးစောင်ကတော့ Tabloid သတင်းစာဆိုဒ် ထုတ်တာတွေ့ရပြီး ထိပ်ဆုံးသတင်းတွေအဖြစ် တင်တဲ့ သတင်းတွေက သတင်းစာ တခုနဲ့တခု မတူကြဘူးလို့ ဆိုပါတယ်။

The Voice Daily သတင်းစာမှာ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး သတင်းရေးသားထားသလို၊ ရွှေနိုင်ငံသစ် သတင်းစာမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမယ့် သတင်း၊ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမယ့်သတင်းတွေကို ဖေါ်ပြထားပြီး စံတော်ချိန်သတင်းစာကတော့ ပြီးခဲ့တဲ့ မိတ္ထီလာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ အရှင် ဆန္ဒာဓိကနဲ့ မေးမြန်းခန်း၊ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး စတာမျိုးတွေ ရေးသားဖေါ်ပြထားတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နေ့စဉ်သတင်းစာကတော့ ဧပြီလ နှောင်းပိုင်းမှာ ထုတ်ဝေမယ်လို့ သိရပါတယ်။