စီမံကိန်း မြေထဲက ဧက ၉၀၀ ပြန်ပေးမယ်

Letpadaung Protesters
ဓာတ်ပုံ ပုံစာ,

ဒေသခံ တချို့က ကြေးနီ စီမံကိန်းကို လုံးဝ ရပ်တန့်ဖို့ သာ တောင်းဆို နေကြ ပါတယ်။

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ အကောင် အထည် ဖေါ်ရေး ကော်မတီက စီမံကိန်း မြေ အဖြစ် သိမ်းထားတဲ့ မြေကြီး တချို့ကို ပြန်ပေး မယ့် အကြောင်းနဲ့ လျော်ကြေးငွေ ပေးနေ တဲ့ အကြောင်း ထုတ်ဖော် ပြော ပါတယ်။

ကြာသပတေး နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖေါ်ပြ ထားတာ တဲ့ အစီရင်ခံစာ အကောင် အထည် ဖေါ်ရေး ကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

စီမံကိန်း ရပ်တန့်ရေးကို ဒေသခံတွေက တောင်းဆို နေပေမဲ့ စီမံကိန်း ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ လည်း အကောင် အထည်ဖေါ်ရေး ကော်မတီက ပြော ပါတယ်။

စီးမံကိန်း အတွက် သိမ်းဆည်း ထားတဲ့ မြေဧက ၈ ထောင် နီးပါးထဲက မြေဧက ၉ဝဝ လောက်ကို စီမံကိန်းမြေ အဖြစ်က ဖယ်ရှားလိုက် ပါတယ်။

ဒါပေမဲ့ အဲဒီ ဖယ်ရှား လိုက်တဲ့ မြေတွေထဲက ရေမြောင်းတွေဖောက်ဖို့၊ သစ်ပင်တွေ စိုက်ဖို့ မြေတွေကို ချန်ထားပြီးမှ ကျန်မြေ တချို့ကို မြေပိုင်ရှင်တွေ လက်ထဲ ပြန်ပေးမယ်လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ အကောင် အထည်ဖေါ်ရေး ကော်မတီ အဖွဲ့ဝင် သတ္တုတွင်း ဝန်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

လယ်မြေ ဧကပေါင်း ၁၇၅၃ ဒဿမ ၇၁ အတွက် ကျပ်ငွေ သိန်းပေါင်း ၁၇၈၅၆ ဒဿမ ၇၅ လျော်ကြေးငွေ ပြန်ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အကြံ ပြုချက်တွေ အတိုင်း အကောင် အထည် ဖော်ရေး ကော်မီတီက လိုက်နာ လုပ်ဆောင် နေပြီး အထည်ချုပ် လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း တို့မှာ ဒေသခံတွေ အလုပ် အကိုင် ရရှိရေး အတွက်ဆောင်ရွက် ပေးနေတယ်လို့ လည်း သူက ဆိုပါတယ်။

တုံရွာ အပါအဝင် ကျေးရွာ အများစု ကတော့ လျော်ကြေး ဘယ်လောက်ပေးပေး လက်ခံမှာ မဟုတ်ဘူးလို့ တုံရွာ ဒေသခံ တွေရဲ့ပြောရေး ဆိုခွင့်ရှိသူ မစန္ဒာက ပြောပါတယ်။

တချို့ကတော့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က တင်ပြ ထားတဲ့ စာချုပ် ပြင်ဆင်ရေး၊ ပတ်ဝန်ကျင် ထိန်းသိမ်းရေးနဲ့ ဒေသ ဖွံ့ဖြိုးရေး တို့မှာ လက်တွေ့ အကောင် အထည် ဖေါ်တဲ့ အပေါ် မူတည်ပြီး စီမံကိန်း လက်ခံ ရေးကို စဉ်းစားကောင်း စဉ်းစားမယ်လို့ ပြောကြ ပါတယ်။