ကချင်အရေးမှာ တရုတ်တို့က အမေရိကန်နဲ့ ယူကေတို့ မပါစေချင်တာ ဘာကြောင့်လဲ

Image caption ပြီးခဲ့တဲ့ ရွှေလီ ဆွေးနွေးပွဲ

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုတို့ အခု ရက်ပိုင်း မြစ်ကြီးနားမြို့မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ဆွေးနွေးပွဲ ပျက်ခဲ့ရတာဟာ တရုတ် နိုင်ငံဘက်က ကန့်ကွက်မှုကြောင့်လို့ ကချင် လူထု အခြေပြု အဖွဲ့တွေကပြော ပါတယ်။

တရုတ်တို့က ဒီဆွေးနွေးပွဲမှာ ကုလ သမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် တို့ ပါဝင်မှာကို ကန့်ကွက် တာဟာ သူတပါး နိုင်ငံရေးကို ဝင်ရောက် စွက်ဖက် တာလို့ အဲဒီအဖွဲ့က ပြောပါတယ်။

တရုတ်တို့က မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား ဖြစ်နေတဲ့ ပဋိပက္ခမှာ ကြားဝင်ပေးမယ်ဆိုပြီး ကမ်းလှမ်းပါဝင်လာခဲ့တာဖြစ်တယ်၊ ဒီလိုပါလာရတာကလည်း တရုတ်နယ်စပ်ဖြစ်နေတာ၊ စီးပွားကုန်သွယ်ဘက် ဖြစ်နေတာနဲ့ ရင်းနှီးမြှတ်နှံမှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ တုန်းက တရုတ် အစိုးရရဲ့ အစီအစဉ်နဲ့ ရွှေလီမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ကို ထောက်ခံ ရပ်တည်ဖို့ တက်ရောက်ခဲ့တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တွဲဘက် အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောပါတယ်။

နောက်ဆွေးနွေးပွဲကို တရုတ်တို့က သူ့နိုင်ငံထဲမှာဘဲ ဖြစ်စေချင်ပြီး၊ တရုတ်၊ မြန်မာအစိုးရနဲ့ ကေအိုင်အို သုံးဖွဲ့ ဆွေးနွေးဖို့သာ လိုလားတယ်၊ ကုလသမဂ္ဂ အမေရိကန် ယူကေ တို့ပါလာခြင်းဖြင့် အခြေအနေကို ပိုရှုတ်ထွေးစေမယ်လို့ ယူဆပြီး အခုလောလောဆယ် ပါဝင်ဖို့ မလိုအပ်သေးဘူးလို့ သဘောထားပေးတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်တွင်းတိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ နိုင်ငံတကာက ကြားဝင်ဖို့ ကမ်းလှမ်းလာခဲ့ကာချိန်မှာ သူမဝင်ရင် သူ့ရဲ့ နယ်စပ်မှာ တခြား နိုင်ငံတွေက ပါဝင်ပတ်သက်လာမယ်ဆိုတဲ့ အမြင်၊ သူ့ရဲ့ ရေရှည် အကျိုးစီးပွား စတာတွေကြောင့် တရုတ်တို့က ကမန်းကတမ်း ပေါ်လစီကို ပြောင်းပြီး ကြားဝင်ဖို့ ကမ်းလှမ်းခဲ့တာလို့ ယူဆကြောင်း ဦးခွန်ဥက္ကာက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပထဝီ နိုင်ငံရေးအနေအထားအရ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ သူတို့ရဲ့ အမျိုးသားလုံခြုံရေး ပေါ်လစီတွေအရ တွက်ချက်ပြီး တရုတ်နဲ့ အနောက်နိုင်ငံတွေ မြန်မာ့အရေးမှာ အားပြိုင်နေကြတာဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကာက သုံးသပ်ပါတယ်။

ဒေါ်ရီရီအောင် ဆက်သွယ်မေးမြန်းထားတာကို အောက်မှာ နားဆင်နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ