ကချင်အရေး တရုတ်ကန့်ကွက်မှု မရှိကြောင်း ငြင်းဆို

Image caption ဆွေးနွေးမှုများလုပ်နေသော်လည်း အပစ်အခတ် မရပ်စဲနိုင်သေး

ကချင်နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမေရိကန်နဲ့ ဗြိတိန်ပါဝင်မှာကို တရုတ်အစိုးရဘက်က ကန့်ကွက်ခဲ့တဲ့အတွက် ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ရတယ်ဆိုတဲ့ ကချင် လူမှု အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်နဲ့ ပြည်တွင်း သတင်းတွေမှာ ရေးသားချက်တွေဟာ မမှန်ဘူးလို့ တရုတ်သံရုံးရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ငြင်းဆန် ရှင်းလင်း ထားပါတယ်။

တရုတ်သံရုံးရဲ့ ဒီပြောဆိုမှုကို ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့က လက်ခံပါ သလားလို့ မေးရာမှာ မှန်သင့်သလောက် မှန်ပါတယ်လို့ ကေအိုင်အို တွဲဘက် အတွင်းရေးမှူး ဦးလာနန်းက ပြောပါတယ်။

ကချင် လူမှု အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်ကိုလည်း ကန့်ကွက်ဖို့ မရှိဘူးလို့လည်း ဦးလာနန်းက ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန် ပြည်ထောင်စု ဗြိတိန်တို့ မပါဝင်စေချင်ဘူး ဆိုတာမျိုး နာမည်တပ်ပြီး ကန့်ကွက်ခဲ့တာ မရှိဘူးလို့ ဦးလာနန်းက ပြောပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂရဲ့ ဦးဆောင်မှုအောက်မှာ တရုတ်၊ အာဆီယံနိုင်ငံတွေ ပါဝင်စောင့်ကြည့်ပြီး ဆွေးနွေးပွဲလုပ်ရင် လုံလောက်ပါတယ်လို့တော့ တရုတ်နိုင်ငံက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကေအိုင်အို ကချင် လွတ်လပ်ရေးအဖွဲ့အနေနဲ့ကတော့ အမေရိကန်၊ ဗြိတိန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ စောင့်ကြည့်မှု အောက်မှာ ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်းလည်း ထပ်လောင်း ပြောဆိုပါတယ်။

မြန်မာအစိုးရဘက်က အမေရိကန်၊ ဗြိတိန်တို့ကို မဖိတ်ကြားခဲ့တဲ့ အတွက် ကေအိုင်အို ကချင်လွတ်လပ်ရေး တပ်မတော်ဘက်က ဖိတ်ကြားခဲ့ပေမဲ့ ဖိတ်ကြားရက်က သိပ်နီးကပ်လွန်းလို့ ဆွေးနွေးပွဲအချိန်မီ တက်ရောက်ဖို့ မမီနိုင်လို့ ရက်ရွှေ့ဆိုင်းခဲ့ရတာလို့ ဦးလာနန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ