အကောက်အခွန် ယဉ်ကျေးမှု တည်ထောင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ပြော

Image caption မြန်မာနိုင်ငံမှာ အကောက်အခွန် ယဉ်ကျေးမှု တခု ထူထောင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ပြော

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ ပါဝင်တဲ့ လွှတ်တော် ရေးရာ ကော်မီတီ ဥက္ကဌတွေနဲ့ ကုန်သည်ကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေဟာ ရန်ကုန်မြို့ ကုန်သည် စက်မှု အသင်းချုပ် ရုံးခန်းမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခွန် မမျှမတ ဖြစ်နေတဲ့ ကိစ္စကို စီးပွါးရေး လုပ်ငန်းရှင်တွေဖက်က အဓိက တင်ပြသွားပါတယ်။

ဥပဒေ ပြဌာန်းချက် မရှိပဲ တ ချို့ လူတွေ၊ အဖွဲ့အစည်းတွေ၊ အခွန် ကင်းလွတ်ခွင့် ရနေတာကိုလည်း လုပ်ငန်းရှင် တွေဘက်က မေးခွန်း ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ လုပ်ငန်းရှင်တွေ စိုးရိမ်နေတဲ့ အာဆီယံ အကောက်ခွန် ကင်းလွတ်ရေး ကိစ္စ၊ အားနည်းနေတဲ့ ဘဏ်စနစ်ကိစ္စ၊ ငွေကြေး လဲလှယ်နှုန်း ကိစ္စ စတာတွေကိုလည်း တင်ပြခဲ့ကြပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီ အခွန်ကိစ္စတွေ မမျှမတ ဖြစ်နေတာနဲ့ ပက်သက်လို့ ပြန်လည် ရှင်းလင်းသွားခဲ့ပြီး ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူးလို့ ပြောသွားပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်း စု ကြည်ကလည်း မြန်မာနိုင်ငံမှာ အကောက်အခွန် ယဉ်ကျေးမှု တခု ထူထောင်နိုင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံ မှာ နိုင်ငံသား တစ် ရာခိုင်နှုန်းကျော် သာ အခွန်ဆောင်တာ ဖြစ်ပြီး အာဆီယံနိုင်ငံ တွေထဲ မှာ အခွန်ဆောင်မှု အနည်းဆုံးနိုင်ငံ ဖြစ် တယ်လို့ အစိုးရက မနှစ်က ထုတ်ပြန်ခဲ့ ပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့ ဝင် တွေနဲ့ နီးစပ်သူ လုပ်ငန်းရှင်တွေ အခွန် ကင်းလွတ်ခွင့်တွေ ရနေတဲ့အတွက် မြန်မာ့ စီးပွားရေး ဟာ တပြေးညီ ပြိုင်ဆိုင်ဖို့ အခွင့်အရေး မရှိဘူး လို့ လည်း ဆွေးနွေးပွဲ တက်ရောက်လာတဲ့ လုပ်ငန်းရှင် တချို့က တင်ပြ ပြောဆို ခဲ့ကြ ပါတယ်။