ပါတီတွေ သံရုံးငွေယူသင့်သလား မေးမြန်း

ပါတီ မှတ်ပုံတင် ဥပဒေ အရ အလှူငွေ လက်ခံ
ဧပြီလ ၆ ရက်နေ့က NLD ကျန်းမာရေး ကွန်ယက် ကို တရုပ်သံရုံး အလှူငွေ ၁ဝ သိန်း ပေးခဲ့တာဟာ ဖွဲ့စည်းပုံနဲ့ ငြိစွန်းမှု ရှိမရှိ ချင်းအမျိုးသား ပါတီ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘစ်ထောင်း က တနင်္လာနေ့က ပါတီ တွေနဲ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ် ခဲ့ပါတယ်။
ကော်မရှင် ဘက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄ဝ၇ (ဂ) နိုင်ငံရေးပါတီများ ဆိုင်ရာအခန်းနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေပုဒ်မ ၇ (ဃ) နှင့် ၁၅ (က)တို့ကို ဖတ်ပြပြီး မှတ်ချက် မပေးဘူးလို့ မေးမြန်းသူ ဆလိုင်း ကျဲအိုဘစ်ထောင်း က ဘီဘီစီကို ပြောပါတယ်။
ဒီဥပဒေ ပုဒ်မ တွေမှာ နိုင်ငံရေး ပါတီတွေဟာ နိုင်ငံခြား အစိုးရ၊ ဘာသာရေး အဖွဲ့အစည်းနဲ့ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်တွေထံက ငွေကြေး၊ ပစ္စည်း အထောက်အပံ့တွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ရယူသုံးစွဲခြင်း ပြုပါက နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရလို့ ပါရှိပါတယ်။
ဒီလို ပြည်ပ အကူအညီ လက်ခံနိုင်တယ် ဆိုရင် ပြည်ပရောက် ချင်းအမျိုးသားတွေ လှူဒါန်းမှုကို လက်ခံလိုကြောင်းလဲ ဆလိုင်း ကျဲအိုဘစ်ထောင်း က ဆိုပါတယ်။
NLD ကိုယ်စားလှယ် ဦးဝင်းမြင့် ကတော့ ပါတီ မှတ်ပုံတင် ဥပဒေ အရ အလှူငွေ လက်ခံခဲ့တာသာ ဖြစ်ပြီး ကော်မရှင် ကလဲ ဖွဲ့စည်းပုံ အရ ရန်ပုံငွေ ကိစ္စ လိုက်နာဖို့နဲ့ ပါတီ မှတ်ပုံတင် ဥပဒေ အရ ရန်ပုံငွေ ထူထောင်ခွင့် ရှိကြောင်းပဲ ပြောဆိုခဲ့ကြောင်း တုံ့ပြန် ပြောကြားပါတယ်။
ဆလိုင်း ကျဲအိုဘစ်ထောင်းကို ဧပြီလ ၂၆ ရက် လာခဲ့ဖို့ ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူထားပေမယ့် အသေးစိတ်ကို မသိရပါဘူး။
NLD ကျန်းမားရေး လုပ်ငန်း မိတ်ဆက်
NLD ရဲ့ ကျန်းမာရေး ကော်မတီရဲ့ လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်ပြီး မိတ်ဆက် တဲ့ ပွဲနဲ့ ရန်ပုံငွေ ရှာတဲ့ ပွဲကို ရန်ကုန် မြို့မှာ ကျင်းပခဲ့ ပါတယ်။