ဒေါ်အောင်ဆန်းစုကြည် ဂျပန်မှာ မြန်မာတွေနဲ့တွေ့

DASSK Japan
Image caption ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို တပတ်ကြာ ခရီးစဉ်အဖြစ် စနေနေ့ မနက်က ရောက်လာပြီး ညနေပိုင်းမှာ ဂျပန်ရောက် မြန်မာတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တိုကျိုမြို့တော် ရှီဘူယမြို့နယ်က ခန်းမတစ်ခုမှာ ထောင်ဂဏန်းရှိတဲ့ မြန်မာတွေကို ဒေါ်အောင်ဆန်းစုကြည်က ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ကာ မိန့်ခွန်း ခေတ္တ ပြောပြီးနောက် တက်ရောက်လာတဲ့ လူတွေရဲ့ မေးခွန်းတွေကိုလည်း ဖြေကြား ခဲ့ပါတယ်။

တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံရဲ့ စည်းကမ်းရှိမှု၊ တိုးတက်မှုတွေမှာ မြန်မာနိုင်ငံအနေနဲ့ အတုယူစရာတွေ အများကြီး ရှိကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသား တွေအနေနဲ့လည်း ကိုယ့်နိုင်ငံ အရေးမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပါဝင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဆွေးနွေးပွဲ တက်တဲ့ မြန်မာတွေက ပြောပါတယ်။

မြန်မာနိုင်ငံက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ လွတ်လပ် မျှတဖို့က အဲဒီမတိုင်ခင်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ဖို့ အရေးကြီးကြောင်းလည်း ပြောခဲ့တယ်လို့ ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရတဲ့အတွက် ထောင်က ထွက်ထွက်ချင်း ကွဲကွာနေခဲ့ရတဲ့ အမေကို ပြန်တွေ့ရသလို ဝမ်းသာတယ်လို့လည်း အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖြစ် သုံးရောင်ခြယ် လူငယ်အဖွဲ့မှာ ပါဝင်ခဲ့ဖူးတဲ့ ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ခရီးစဉ်အတွင်း နောက်ရက်တွေမှာတော့ ဂျပန် စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဂျပန် အစိုးရ ခေါင်းဆောင်တွေတွေနဲ့ တွေ့ဆုံမယ့်အပြင် သူ သုတေသီအဖြစ် အလုပ်လုပ်ဖူးတဲ့ ကျိုတို တက္ကသိုလ်ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ