စိတ်ပေါ့လက်ပေါ့ သင်္ကြန် ပျော်ခဲ့ကြတယ်

Thingyan
Image caption သင်္ကြန်ကို မြန်မာတွေ စိတ်ပေါ့လက်ပေါ့ ဖြတ်သန်းခဲ့ကြတယ်။

မဟာသင်္ကြန်မတိုင်ခင်မှာ ကောလာဟလ တချို့နဲ့အတူ စိုးထိတ်မှုတွေ ရှိခဲ့ပေမယ့်လို့ သင်္ကြန်ကတော့ စိတ်ပေါ့လက်ပေါ့ ဖြတ်သန်းရင်း ပြီးသွားခဲ့ပါတယ်။

ရန်ကုန်ရော မန္တလေးမှာပါ သင့်သလောက် စည်ကားမှုတွေ ရှိခဲ့ပါတယ်၊ သင်္ကြန်ရဲ့ ပုံရိပ် သံချပ်သံတွေလည်း ဝေစည်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမှာ ကဗျာဆရာတွေ ဦးဆောင်လို့ ဒုတိယအကြိမ် ထိုးခဲ့ကြတဲ့ သံချပ်ထဲမှာ ကျန်းမာရေး၊ ဆက်သွယ်ရေးနဲ့ လွှတ်တော်ပိုင်း ဆိုင်ရာတွေကို အပြုသဘော အကြုံပြု ထောက်ပြခဲ့ပါတယ်လို့ မန္တလေးအလင်း သတင်းဂျာနယ်က အယ်ဒီတာချုပ် ဆရာညိုထွန်းလူက ပြောပါတယ်။

သံချပ်တွေကို စိစစ်တဲ့အဖွဲ့ကို ကြိုတင်ပြရတာမျိုး ရှိပေမယ့် အားလုံးနီးပါး ခွင့်ပြုပါတယ်လို့ သူက ပြောပါတယ်။ ရဲနဲ့ ဆိုင်ရာ အာဏာပိုင်တွေကလည်း လုံခြုံရေးကို ဂရုစိုက်ကြတဲ့အတွက် အားလုံး ပျော်ရွှင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာတော့ အင်းလျားလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းတွေက မဏ္ဍပ်တွေမှာ အထူးစည်ကားခဲ့ပါတယ်။ သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေလည်း အရင်နှစ်တွေကလောက် မများတော့ဘူးလို့ သင်္ကြန်လည်ခဲ့သူတဦးက ဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးတွေ ဘောင်းဘီတို ဝတ်တာ၊ အင်္ကျီလည်ဟိုက် ဝတ်တာမျိုးတွေ ရှိပေမယ့် သိပ်များများစားစားတော့ မတွေ့ရဘူးလို့ ရန်ကုန်သင်္ကြန်လည်ခဲ့သူ မဇင်မီလင်းက ပြောပါတယ်။

ရန်ကုန်မှာလည်း သံချပ်အဖွဲ့တွေ ထွက်ကြပြီး လူထုက သံချပ်တွေကို အားပေးကြပါတယ်။ မောင်မေတ္တာ ဦးဆောင်တဲ့ သံချပ်အဖွဲ့ကို စကိုင်းနက် ရုပ်သံကနေ တိုက်ရိုက်လွှင့်တဲ့အတွက် လူထုကလည်း သဘောကျပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ မြို့ရွာတွေမှာ စတုဒိသာ ကျွေးမွေးကြတာတွေလည်း ရှိပါတယ်။ စည်ကားတဲ့ လမ်းမကြီးတွေမှာ အပျော်လွန် နှောက်ယှက်တာတွေ၊ ရပ်ကွက်ထဲ သောက်စား မူးယစ်လို့ ရန်ဖြစ်တာတွေလည်း ရှိကြပေမယ့်လို့ ထိန်းသိမ်းသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။