လေဒီဂါဂါကို ဒေါ်အောင်ဆန်းစုကြည် မဲအသာနဲ့ နိုင်

Aung San Suu Kyi
Image caption ဒေါ်အောင်ဆန်းစုကြည်

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက နှစ်စဉ် ပြုလုပ်တဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး လူသား ၁၀၀ စာရင်း တင်ဆက်တဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းက ကမ္ဘာ့လူသားတွေကို အလွှမ်းမိုးနိုင်ဆုံး လူသားကို အွန်လိုင်းကနေ မဲပေး ရွေးချယ်စေခဲ့တာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ ဥက္ကဌ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခံခဲ့ရပါတယ်။

တိုင်းမ်မဂ္ဂဇင်းရဲ့ ဝက်ဘ်ဆိုက်မှာ ထောက်ခံမဲတွေကို ကလစ်နှိပ်ပြီး မဲပေးရတာမှာ ပြည်တွင်းပြည်ပက မြန်မာတွေက ထောက်ခံမဲတွေ တရပ်စပ် ပေးခဲ့လို့လည်း အခုလိုနိုင်သွားတာ ဖြစ်တယ်လို့ ထည့်သွင်း သုံးသပ်လို့ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးသမား၊ အနုပညာရှင်၊ နည်းပညာရှင်နဲ့ ကမ္ဘာ့ပုံရိပ် အမျိုးအစားလေးခုထဲမှာ ကမ္ဘာ့ပုံရိပ်ထဲ ပါခဲ့တာဖြစ်ပြီး အဆင့်ဆင့် တက်လှမ်းဖြတ်သန်းလာခဲ့ပြီးနောက်မှာ နောက်ဆုံးအဆင့်မှာ ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါကို မဲရာခိုင်နှုန်းအသာနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လေဒီဂါဂါ မတိုင်ခင် အဆင့်တွေမှာတော့ ကမ္ဘာကျော် ရုပ်သံတင်ဆက်သူ အော်ပရာ ဝင်းဖရေး၊ ဗြိတိသျှတော်ဝင်မင်းသား ဝီလီယံရဲ့ ဇနီးဖြစ်တဲ့ ကိတ် မစ်ဒဲလ်တန်နဲ့ သမ္မတအိုဘားမားရဲ့ ကတော် မီရှဲ အိုဘားမားတို့ကို မဲရာခိုင်နှုန်း အပြတ်အသတ်နဲ့ နိုင်ခဲ့ပါသေးတယ်။