မြန်မာပြည်က လူမျိုးတုံး သတ်ဖြတ်မှုတွေ HRW ပြော

Image caption လူမျိုးတုံး သတ်ဖြတ်မှုတွေမှာ မြန်မာ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတယ်လို့ HRW ကစွပ်စွဲ

Human Rights Watch က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာအာဏာပိုင်တွေဟာ ရခိုင်ဒေသမှာ လူသားချင်း မစာနာတဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု တွေကို ကျူးလွန်ခဲ့တယ် ဆိုပြီး စွပ်စွဲ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မနှစ်တုန်းက မွတ်ဆလင် ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့မှုတွေမှာ မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ထင်ရှားတဲ့ အထောက်အထားတွေ ရှိနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

တွေ့ဆုံမေးမြန်းမှုပေါင်း ၁၀၀ကျော်ကို အခြေခံပြီး ရေးသားခဲ့တယ် ဆိုတဲ့ အဲဒီ အစီရင်ခံစာထဲမှာ ရခိုင်ဒေသမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ထားတဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်လို့လည်း ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရဘက်ကတော့ HRW ရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာဟာ တဘက်သတ် ရတဲ့ သတင်းတွေကိုပဲ အခြေခံ ထားပြီး ခေါင်းစဉ်ကိုက ဘက်လိုက်ရာ ကျနေတဲ့အတွက် လက်ခံနိုင်စရာ မရှိဘူးလို့ သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

လူမျိုးတုံး သတ်ဖြတ်တယ် ဆိုတဲ့ အသုံးအနှုန်းကို ရခိုင် ပဋိပက္ခမှာ သုံးစွဲထားတာနဲ့ ပတ်သက်လို့ လက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံသားတိုင်းကို အခြေခံ ဥပဒေ နဲ့ အညီ နှစ်သက်ရာ ဘာသာကို ယုံကြည် ကိုးကွယ်ခွင့် ပေးထားကြောင်း၊ ရခိုင် ပဋိပက္ခမှာ နှစ်ဘက်စလုံးအနေနဲ့ ကြေကွဲဘွယ် အဖြစ်ဆိုးကြုံခဲ့ရတာမို့ ဒီလို အဖြစ်ဆိုးမျိုး ထပ်မဖြစ်အောင် အကြောင်းရင်း ရှာဖွေ ကုစားဖို့ လိုကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

အစိုးရအနေနဲ့ကတော့ သမ္မတ ဖွဲ့ပေးထားတဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး အဖွဲ့ ရဲ့ အစီရင်ခံစာကိုပဲ စောင့်ဆိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပတဲ့ HRW ရဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ စာရေးဆရာ ဦးဇင်လင်း ကလည်း HRW ရဲ့ အစီရင်ခံစာဟာ ယေဘုယျ အားဖြင့် မှန်ပေမယ့် ရခိုင်တိုင်းရင်းသားတွေလည်း လူ့အခွင့်အရေး ချိုးဖေါက်ခံရတာ ရှိတယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်းဥက္ကဌ ဦးမောင်ကျော်နုကတော့ ဒီအစီရင်ခံစာ ဟာ ရိုဟင်ဂျာတွေအတွက် နားလည်မှု ပိုရလာနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။