ရသေ့တောင် လယ်သမားတွေကို သီးစား ပြန်မချ

paddy
Image caption သိမ်းမြေမှာ လယ်သမားကို သီးစား ပြန်မချ

ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ်က လယ်သမားတွေရဲ့ အခြေအနေ အရင်ထက် ပိုဆိုး လာတယ်လို့ အဲဒီမှာ ကွင်းဆင်း နေတဲ့ လယ်ယာမြေ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် တဦးက ဆိုပါတယ်။

တပ်က သိမ်းထားတဲ့ လယ်တွေမှာ လယ်သမား တွေကို ဒီနှစ်ကစပြီး သီးစားပြန်ချ မပေးကြောင်း ကော်မရှင် အဖွဲ့ဝင် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

အရင်ကတော့ စစ်တပ်က သိမ်းထားတဲ့ လယ်တွေမှာ တဧက စပါး ဆယ်တန်းနှုန်း သီးစားချပြီး ပြန်လုပ်ကိုင်ခွင့် ရခဲ့ကြပေမယ့် ခုနှစ်က စပြီး ဒီစနစ်ကို ပိတ်လိုက်လို့ လယ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန် ကြတာပါ။

ဒါကြောင့် အခက် ကြုံနေတဲ့ လယ်သမားတွေက တပ်က မသုံးခင် လယ်တွေကို ပြန်ပြီး လုပ်ခွင့် ပေးဖို့ အသနားခံ တောင်းဆို နေကြ တယ်လို့ သိရ ပါတယ်။

ဒီ တတိယ အကြိမ်မှာတော့ ကော်မရှင်ဟာ ရသေ့တောင် မြို့နယ်က လယ်မှု ၂ မှု၊ ကျောက်တော် မြို့နယ်က ၁၂ မှု၊ ပေါက်တော မှာ ၁၁ မှုနဲ့ စစ်တွေက ၄ မှု၊ စုစုပေါင်း ၂၉ မှုကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အများစု လယ်မြေတွေကို စစ်တပ်က သိမ်းထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ များရတဲ့ အကြောင်းက ၁၉၈၈ နောက်ပိုင်း ရခိုင်မှာ စစ်တပ်တွေ ပိုချလို့ လယ်မြေတွေ အသိမ်းခံခဲ့ ရတာ ဖြစ်ပြီး မူလထဲက ရခိုင်မှာ လယ်မြေက များများစားစား မရှိဘူးလို့ ဦးဖေသန်းက ရှင်းပြပါတယ်။

အရင် နှစ်ကြိမ်က စစ်ဆေး တွေ့ရှိချက် တွေကို ပြည်ထောင်စု ကော်မရှင်ကို တင်ပြထားပြီး အစီရင်ခံစာ တွေကို ကော်မရှင် ကနေ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေကို ပို့ပေးလိုက်ပြီလို့ ဆိုပါတယ်။

အခု အချိန်ထိ ဝန်ကြီးဌာနတွေက ဘာမှ တုံ့ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

လယ်သမား တွေကတော့ စိုက်ပျိုးရာသီ နီးလာတဲ့ အတွက် ကော်မရှင် အဆုံး အဖြတ် ကို မျှော်လင့်ချက် ကြီးကြီးနဲ့ စောင့်နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ