ဥက္ကံ ပဋိပက္ခမှာ လူ ၁၀ ယောက် ဒဏ်ရာရ

Burma Police
Image caption ဥက္ကံ မြို့မှာ လုံခြုံရေးတွေ ကို အပြည့် ချထား တယ်လို့ ဒေသခံတွေ ပြော

ရန်ကုန်တိုင်း ဥက္ကံမြို့မှာ ဧပြီလ ၃၀ ရက်နေ့ အင်္ဂါနေ့က မွတ်ဆလင် တွေနဲ့ ဗုဒ္ဓ ဘာသာ ဝင်တွေ အဓိကရုဏ်း ဖြစ်ပွားခဲ့ ပြီးတဲ့နောက် အခြေ အနေ တွေကို ပြန်လည် ထိန်းသိမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မွတ်ဆလင် တွေပိုင်တဲ့ ဈေးဆိုင် တွေနဲ့ မွတ်ဆလင် စာသင်ကျောင်း တစ်ကျောင်း၊ ပြည်လမ်းမ ပေါ်မှာရှိတဲ့ ဗလီ တစ်လုံးကို လူအုပ်ကြီးက ဖျက်ဆီးခဲ့ ပြီးတဲ့နောက် လုံခြုံရေး တပ်ဖွဲ့ တွေက သေနတ် ပစ်ဖောက်ပြီး ထိန်းသိမ်း ခဲ့ပါတယ်။

မြို့ အနေ အထားနဲ့ ယှဉ်ရင် ပျက်စီးမှုက များလှတယ်လို့ မပြောနိုင် ကြောင်း သူမြင်တွေ့ ခဲ့ရတာ အပေါ် အခြေခံပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဓိ ကရုဏ်း ကြောင့် ဒဏ်ရာ ရသူ စုစုပေါင်း ၁၀ ယောက်ရှိပြီး သူတို့ကို ဆေးရုံမှာ ဆေးကုသမှု ပေးနေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရဲမှူးကြီး ဦးဝင်းနိုင်က ဥက္ကံမြို့ ရဲစခန်းမှာ သတင်းထောက် တွေကို ရှင်းလင်း ပြောခဲ့ ပါတယ်။

သုံးယောက် ကို တိုက်ကြီး ဆေးရုံ၊ ၇ ယောက်ကို ဥက္ကံ ဆေးရုံတို့မှာ ကုသပေးနေတာ ဖြစ်ပြီး ဒဏ်ရာ ရသူတွေ ထဲမှာ ဗုဒ္ဓဘာသာ တစ်ယောက်နဲ့ မွတ်ဆလင် ၉ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ညနေ နှောင်းပိုင်း အချိန်မှာတော့ ဥက္ကံ မြို့ကို လုံခြုံရေး တွေက တည်ငြိမ်အောင် ထိန်းသိမ်း ထားလိုက် နိုင်ပြီလို့ အဲဒီကို ကိုယ်တိုင် သွားရောက် ခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မြို့ထဲမှာ အပြင် မထွက်ရ၊ လူစု လူဝေးနဲ့ ဖျက်ဆီးမှုတွေ မလုပ်ရ ဆိုတဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန် ထားပြီး လမ်းမတွေ ပေါ်မှာလည်း အသံချဲ့စက် တွေနဲ့ လှည့်လည် ကြေညာ နေတယ်လို့ သူက ပြော ပါတယ်။

အင်္ဂါနေ့ မနက်ပိုင်း ၉ နာရီ လောက်က ဆွမ်းခံ ကြွတဲ့ ကိုရင်လေး တစ်ပါးနဲ့ အစ္စလာမ် ဘာသာဝင် အမျိုးသမီး တစ်ဦးတို့ တိုက်မိ ရာက အပြန် အလှန် အခြေ အတင် စကားများကြပြီး တုတ်တွေ ကိုင်စွဲ ရောက်လာ ခဲ့တဲ့ လူအုပ်ကြီးက တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

မွတ်ဆလင် အမျိုး သမီးနဲ့ တိုက်မိပြီး ဆင်ဖြူရှင် ရပ်ကွက် အလံတိုင် ကျောင်းတိုက်က ကိုရင်လေးရဲ့ သပိတ် ကျကွဲခဲ့ တာကို အခြေခံပြီး ဖြစ်ခဲ့တဲ့ ပြဿနာမှာ အဲဒီ အမျိုးသမီး မဝင်းဝင်းစိန်ကို သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅ (က) စတဲ့ ပုဒ်မ နှစ်ခုနဲ့ အရေးယူထားတယ် လို့လည်း ရဲမှူးကြီး ဦးဝင်းနိုင်က ပြောကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မနက်ပိုင်းက စတင် ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်လို့ ရဲတွေ ဘက်က ကိုင်တွယ်ပုံကို နှေးကွေး တယ်လို့ ဒေသခံ တချို့က ဝေဖန်မှုတွေ ရှိပေမဲ့ နေ့လည်ပိုင်းမှာ မမျှော်လင့်ဘဲ ပြန်ဖြစ် လာတဲ့ အခြေ အနေကို ချက်ချင်း ထိန်းသိမ်း လိုက်တဲ့ လက်ရှိ ဆောင်ရွက် နေပုံတွေကို မြင်ရခြင်း အားဖြင့် ရဲတွေရဲ့ ကိုင်တွယ်ပုံ နှေးကွေး တယ်လို့ ပြောလို့ မရကြောင်းလည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လုံခြုံရေး အနေနဲ့ စစ်တပ်ကိုလည်း အရံ ထားတယ်လို့ ရဲတွေ ဘက်က ပြောတယ်လို့လည်း ဥက္ကံ မြို့ရောက် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ