သူရဦးရွှေမန်းကို ကြံ့ခိုင်ရေး ဥက္ကဌခန့်အပ်

ယာယီဥက္ကဌမှ အမြဲတန်း ဥက္ကဌ အဖြစ်
မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဌအဖြစ် သူရဦးရွှေမန်းကို ရွေးချယ်ခန့်အပ် ထားကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တဦးက ဘီဘီစီကို အတည်ပြု ပြောကြားလိုက်ပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ မူလ ပါတီခေါင်းဆောင် ဦးသိန်းစိန်က သမ္မတ တာဝန်ရယူပြီးနောက် ပြီးခဲ့တဲ့ ပါတီညီလာခံမှာ ဥက္ကဌ ရာထူးကို ဆက်လက်ရယူခဲ့ပါတယ်။
ဒါပေမဲ့ အခြေခံဥပဒေ အရ ပါတီတာဝန်ထမ်းဆောင်ခွင့် မရှိတဲ့ အတွက် အဲဒီအချိန်မှာကတည်းက ဦးရွှေမန်းဟာ ယာယီ ဥက္ကဌ တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ အမြဲတန်း ဥက္ကဌ အဖြစ်တာဝန်လွှဲပြောင်းယူလိုက်ပါပြီလို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လူငယ် ညီလာခံမှာ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးက ဘီဘီစီကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘယ်နေ့ဘယ်ရက်က စတင် တာဝန်ယူလိုက်တယ် ဆိုတာ အတိအကျပြောဖို့ကိုတော့ ငြင်းဆန်သွားပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့လက်ရှိ အနေအထားနဲ့ ပတ်သက်ပြီးလည်း ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။