အာဇာနည် ဗိမာန် ပြန်ဖွင့်မယ်

Image caption တနင်္လာနေ့နဲ့ အစိုးရ ရုံးပိတ်ရက်တွေက လွဲပြီး နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ ၅ နာရီ အထိ ဖွင့်မယ်

နှစ်ပေါင်း များစွာ ပိတ်ထား ခဲ့တဲ့ ရန်ကုန်က အာဇာနည် ဗိမာန်ကို အများ ပြည်သူ ဂါရဝပြု နိုင်အောင် အမြဲ တမ်း ဖွင့်ပေး တော့မှာ ဖြစ်ပါတယ်။

ရွှေတိဂုံ အနီးမှာ ရှိတဲ့ ဗိုလ်ချုပ် အောင်ဆန်း အပါ အဝင် အာဇာနည် တွေရဲ့ ဗိမာန်ကို မေလ ၂ ရက် နေ့က စပြီး ပြန်ဖွင့် မယ် ဆိုပြီး၊ ကြေညာထား ပေမယ့် ပြင်ဆင် စရာတွေ မပြီးသေးလို့ ရက်ရွှေ့ ပြီးမှ ဖွင့်မယ် လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်က စပြီး နိုင်ငံရေးမှာ ပါဝင် လာခဲ့ရာ ကနေ အများရဲ့ လေးစားမှု ရနေခဲ့ တာကြောင့် လေးစားမှု လျော့အောင် လုပ်တဲ့ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင် တွေကို မှေးမှိန် ထားဖို့ အာဇာနည် ဗိမာန်ကို ပိတ်ထား လိုက်တာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုမှု တွေရှိခဲ့ ပါတယ်။

အခု အခါမှာ နိုင်ငံရေး အသွင် အပြင် ပြောင်းလဲ လာပြီး ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော် အမတ် ဖြစ်လာ သလို အစိုးရနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း တွေမှာ ပါဝင် ဆောင်ရွက် လာတာ ရှိနေပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ မတ်လ ၂၇ ရက် တပ်မတော်နေ့ အခမ်း အနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ် အောင်ဆန်း ကို အလေးထားကြောင်း သူ့ရဲ့ မိန်းခွန်းမှာ ထုတ်ဖေါ် ပြောကြားခဲ့ ပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေး အရ ကန့်သတ် စရာ မလို တော့တဲ့ အတွက် အာဇာနည် ဗိမာန်ကို ပြန်လည် ဖွင့်ပေး တာလို့ ခန့်မှန်းရ ပါတယ်။

အာဇာနည် ဗိမာန်ကို တနင်္လာနေ့နဲ့ အစိုးရ ရုံးပိတ်ရက် တွေက လွဲပြီး နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ ၅ နာရီ အထိ ဖွင့်ထား မှာ ဖြစ်ပါတယ်။ ဝင်ကြေး အဖြစ် လူကြီး ကျပ် ၂ဝဝ နဲ့ ကလေး ကျပ် ၁ဝဝ ပေးရမှာ ဖြစ်ပြီး၊ နိုင်ငံခြား သားက ၃ ဒေါ်လာ ပေးရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ