ဥက္ကံ ပဋိပက္ခအတွင်း ဒဏ်ရာရသူတွေထဲက တဦးသေဆုံး

Image caption ဉက္ကံမြို့နဲ့ အနီးတဝိုက်မှာ မွတ်ဆလင် အတော် များများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ

ဥက္ကံမြို့မှာ အင်္ဂါနေ့က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဒဏ်ရာရခဲ့သူ ၁၀ဦးထဲက တဦး ဒီကနေ့ မနက်က ဆေးရုံမှာ သေဆုံး သွားပြီ ဖြစ်ကြောင်း ရဲက အတည်ပြု ပြောခဲ့ပါတယ်။

ဥက္ကံမြို့မှာတော့ အခြေအနေတွေ တည်ငြိမ်နေပြီ ဖြစ်ပေမယ့် စိတ်တော့ မချရသေးပါဘူး။

ဥက္ကံမြို့ကနေ ကားနဲ့ ၁၀မိနစ်လောက် ဝေးတဲ့ ပနီပင်ရွာက ဗလီကို ဖျက်ဆီးဖို့ လူတွေ စုဝေးနေတယ် ဆိုတဲ့ သတင်းတွေကြောင့် သတိနဲ့ ကင်းစောင့် နေကြရတယ်လို့ အဲဒီ ရွာသား မွတ်ဆလင် တဦးက ဘီဘီစီကို ပြောပါတယ်။

အလားတူပဲ ဗုဒ္ဓဘာသာဝင်တွေ ကြားထဲမှာလည်း မွတ်ဆလင်တွေဘက်က လက်စားချေ တိုက်ခိုက်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ပဋိပက္ခ စဖြစ်ခဲ့တဲ့ ဥက္ကံမြို့ပေါ်မှာ မီးလောင်မှုမျိုး မဖြစ်အောင် တားဆီး ကာကွယ်နိုင်ခဲ့ပေမယ့် ဥက္ကံမြို့နဲ့ အနီးတဝိုက်က ကျွဲကုန်း၊ ပနီပင်၊ ခြောက်သဲ၊ ကမ်းမြောင်၊ မီးတောက်စခန်း၊ ကြိုးကြာ အုပ်စု စတဲ့ ရွာတွေမှာ ရှိတဲ့ အိမ်တွေ မီးရှို့ ခံခဲ့ရပါတယ်။

အခုအခါ နေအိမ် ပျက်စီး ဆုံးရှုံးသွားတဲ့ ဒုက္ခသည် စုစုပေါင်း ၅၀၀လောက် ရှိနေပြီး သူတို့ မူလရွာ အနီးတဝိုက်မှာပဲ ဖြစ်သလို နေထိုင်နေကြရပါတယ်။

ဥက္ကံမြို့နဲ့ အနီးတဝိုက်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း ထိခိုက် ဒဏ်ရာ ရခဲ့သူ အများစုဟာ မွတ်ဆလင်တွေ ဖြစ်ကြပြီး ထိခိုက်ဖျက်ဆီး ခံခဲ့ရတဲ့ နေအိမ် အဆောက်အဦ တွေဟာလည်း မွတ်ဆလင်တွေရဲ့ နေအိမ်တွေနဲ့ အဆောက်အဦတွေ ဖြစ်ပါတယ်။

အခုလို သာမန် ဖြစ်စဉ်ကနေ ဘာသာရေး အဓိကရုဏ်းကြီးအထိ ကြီးထွားလာတာနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က ကြိုတင် ကာကွယ်မှု၊ ချက်ချင်းအရေးယူမှု၊ ပွင့်လင်း မြင်သာမှု မရှိတာကြောင့်လို့ မြန်မာနိုင်ငံ အစ္စလာမစ် ဘာသာရေး ကောင်စီ အဖွဲ့ချုပ် တွဲဘက် အထွေထွေ အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ဘီဘီစီကို ပြောပါတယ်။

အစိုးရအနေနဲ့ တရား ဥပဒေ စိုးမိုးရေးကို ထိထိမိမိ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးစေလိုတယ်လို့လည်း သူက ပြောပါတယ်။

သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကတော့ ပဋိပက္ခတွေ ထပ်မဖြစ်အောင်နဲ့ လက်ရှိ ပဋိပက္ခတွေ ပြေလည်သွားအောင် အစိုးရအနေနဲ့ လတ်တလော ကြိုးပမ်းနေကြောင်း၊ ဥက္ကံမြို့ ဖြစ်ရပ်ဟာ သက်ဆိုင်ရာ လူမှုရေး၊ ဘာသာရေး အကြီးအကဲတွေ တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းရင် ပြီးနိုင်တဲ့ သာမန် ကိစ္စမျိုး ဖြစ်တာမို့ အဲဒီလို မူဘောင်ထဲကနေ ဖြေရှင်းနိုင်တဲ့ အလေ့အကျင့်မျိုး ရအောင်နဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို တာဝန်ရှိသူတွေထံ ချက်ချင်း သတင်းပေး တိုင်ကြားတဲ့ စနစ် ဖြစ်လာအောင် ရေရှည်မှာ လုပ်သွားမယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တွေအနေနဲ့ ဒီလို အဓိကရုဏ်းမျိုးကို အချိန်တိုတိုနဲ့ တပြိုင်နက်ထဲ ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အင်အားနဲ့ စွမ်းဆောင်မှုတွေ ရှိလာအောင် ဆောင်ရွက်သွားမယ်လို့ လည်း ပြောပါတယ်။