မိကျောင်းကန် မြေကွက်မှု ဆန္ဒပြ

protest
Image caption မတိုင်ရဲမပြောရဲခဲ့တဲ့ အမှုတွေကို ဖွင့်ဟ တိုင်ကြား

၁၉၉၁ က တပ်မတော် မှတ်တမ်းရုံးက သိမ်းခဲ့ တဲ့ သင်္ဃန်းကျွန်း မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ က မြေဧက ၁ဝဝ နီးပါး ပြန်ရလိုမှုနဲ့ မေလ ၅ ရက် မနက်က မူလ ပိုင်ရှင်တွေ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

သင်္ဃန်းကျွန်း မိကျောင်းကန် က အိမ်ထောင်စု တထောင် နီးပါး ပိုင်တဲ့ မြေကွက်တွေကို တပ်မတော် မှတ်တမ်းရုံး အတွက် ဆိုပြီး တပ်မ ၂၂၊ နယ်မြေခံ ငြိမ်ဝပ်ပိပြားရေး အဖွဲ့နဲ့ စစ်ထောက်လှမ်းရေး တွေက ၁၉၉၁ ခုနှစ် ကထဲက သိမ်းယူခဲ့တာ လို့ သိရပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန အောက် ရောက်နေတဲ့ ဒီမြေတွေကို စိုက်ပျိုး မွေးမြူရေး သမားတွေကို အခကြေးငွေနဲ့ ငှားရမ်း စားနေတာကြောင့် မူလ ပိုင်ရှင်တွေက ပြန်ပြီး ရရှိလိုကြောင်း ဆန္ဒပြတောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

မနေ့မနက်က ဆန္ဒပြသူ ၅ဝဝ နီးပါး သင်္ဃန်းကျွန်း ဘုရား လမ်းထိပ် ကနေ မြစာရံ အေးစေတီ ထိ တရား၀င် ခွင့်ပြုချက် နဲ့ ဆန္ဒပြ ချီတက် ခဲ့ကြပါတယ်။

သိမ်းဆည်း ခံရတဲ့ ဘိုးဘွားပိုင်မြေတွေ အတွက် ပိုင်ဆိုင်ကြောင်း အထောက် အထားအပြည့်အစုံ ရှိတယ်လို့ ဒီမြေကွက်တွေ ပြန်ရဖို့ ဖွဲ့ထားတဲ့ သိမ်းဆည်းခံ မြေကွက် ပြန်လည်ရရှိရေး ကော်မတီ တာ၀န်ခံ ဦးစိန်သန်းက ပြောပါတယ်။

၁၉၉၁ ခုနှစ် ကထဲက ဥပဒေမဲ့ သိမ်းခဲ့တာ ဖြစ်ပေမယ့် မတိုင်ရဲ မပြောရဲ ခဲ့ကြလို့ ခုအစိုးရ လက်ထက်မှ တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်။

အခု တောင်းဆို ဆန္ဒပြ နေတဲ့ မြေတွေပေါ်က မြစာရံအေး စေတီမှာ ပြီးခဲ့တဲ့ သင်္ကြန် က ယာယီကျောင်း ဆောက်ပြီး ဒုလ္လဘ ရဟန်း ဝတ်တဲ့ ၆ဦးကို တပ်ပိုင်မြေ ပေါ်မှာ ကျူးကျော်လို့ ဆိုပြီး ထိန်းသိမ်း ခံခဲ့ရပါ တယ်။

ဆန္ဒပြခဲ့တဲ့ မူလ မြေပိုင်ရှင်တွေက သူတို့မြေတွေ ပြန်ရရေး အတွက် သမ္မတ အပါအ၀င် ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီကို တိုင်ကြား ထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ