ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ယ္ခင် ထောင်ကြွင်း ပြန်ချ

Image caption တပ်မတော် အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရင်အမှုဟောင်းအတိုင်း ပြန်လည်ကျခံဖို့ ပြည်ထဲရေး ဝန်ကြီး အမိန့်နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

တကယ်တော့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အသရေဖျက်မှုနဲ့ အခုရက်ပိုင်းအတွင်း ပန်းတနော်တရားရုံးက ဒဏ်ငွေကျပ် ၂ သောင်း ပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ရာမှာ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေတာ ဖြစ်ပါတယ်။

ဦးနေမျိုးဇင်ဟာ ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေးရင်း အဖမ်းခံခဲ့ရတာဖြစ်တဲ့အတွက် အမှုကနေ ပြန်လည်လွတ်မြောက်ဖို့ တောင်သူ ၁၀၀ ကျော်က ဒီကနေ့ပန်းတနော်တရားရုံးမှာ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး၊ သူ့ကိုလွှတ်ပေးမယ် ပြောလိုက်တဲ့အတွက် အကျဉ်းထောင်ရှေ့မှာ ၄ နာရီကြာ သွားရောက်စောင့်ဆိုင်းခဲ့ကြတယ်လို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ အကျိုးဆောင် ရှေ့နေ ဦးရောဘတ် စန်းအောင်က ဘီဘီစီကို ရှင်းပြခဲ့ ပါတယ်။

ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရားဥပဒေအရ အယူခံဝင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်၊ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ