အစိုးရနဲ့ RCSS/SSA တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေး

Image caption RCSS/SSAနဲ့ အစိုးရတပ်အကြား အပစ်ရပ် ကာလအတွင်း စစ်ရေး တင်းမာမှုတွေ ရှိနေ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း မြို့နယ်မှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ ခေါ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ အစိုးရတပ်တို့ မနေ့မနက်က တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ RCSS/SSA တပ်ဘက်က သူတို့ရဲ့ နောင်မရွာ တပ်စခန်းကို ဆုတ်ခွာပေးခဲ့ရပါတယ်။

နာရီပေါင်း အတော်ကြာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲဟာ အစိုးရနဲ့ RCSS/SSA တပ်အကြား အပစ်ရပ်ကာလအတွင်း အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်တယ်လို့ RCSS/SSA တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလောဝ်ဆိုင်းက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံအများအပြား နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပြီး နမ့်ခမ်းနဲ့ နီးတဲ့ သူတွေက နမ်းခမ်း မြို့ဘက်ကို ထွက်ပြေးခဲ့ကြသလို ရွှေလီမြစ်ဝှမ်းနားက တရုတ် နယ်စပ်နားက ဒေသခံတွေကတော့ တရုတ်ပြည်ဘက် ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

အခုလို နောင်မ တပ်စခန်းကို အစိုးရဘက်က ဝင်တိုက်ခဲ့တာဟာ အဲဒီနေရာဟာ တရုတ်နဲ့ ကပ်ရက် နယ်စပ် ကုန်ကူးနိုင်တဲ့ လမ်းကြောင်း ဖြစ်တာက တကြောင်း၊ RCSS/SSA နဲ့ ဒေသခံ ပြည်သူတွေ အတူလက်တွဲပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ နေရာလည်း ဖြစ်တာကြောင့်လို့ ဦးစိုင်းလောဝ်ဆိုင်းက သုံးသပ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ ယူနန် ပြည်နယ်ကို သွယ်တန်းထားတဲ့ ဓါတ်ငွေ့ ပိုက်လိုင်းနဲ့ နီးတဲ့ နေရာလည်း ဖြစ်တာကြောင့်လို့ ယူဆကြောင်း ဦးစိုင်းလောဝ်ဆိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည် မြောက်ပိုင်း မူဆယ် နမ့်ခမ်း ဘက်မှာ ပျောက်သွားတဲ့ စစ် ထောက်လှမ်းရေး လေးယောက်ကို ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဘက်က ဖမ်းဆီး ထားတယ်လို့ စွပ်စွဲပြီး နမ့်ခမ်း မြို့နယ် အတွင်းက တုံခါး ကျေးရွာ တပ် စခန်းကို ဖယ်ရှား ခိုင်းခဲ့ပြီးတဲ့နောက် စီးနင်း ရှာဖွေပြီး မီးရှို့ ဖျက်ဆီး ခဲ့ပါတယ်။

အခုလို အပစ်ရပ်ထားတဲ့ RCSS/SSA တပ်စခန်းတွေကို အစိုးရတပ်တွေက တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို အကြောင်းကြား ထားတယ်လို့ ဦးစိုင်းလောဝ်ဆိုင်း က ပြောပါတယ်။