ရခိုင်တလွှား မုန်တိုင်း ကြိုတင်ပြင်ဆင်ချက်

Image caption အပူပိုင်း မုန်တိုင်း တခု ဝင်ရောက်တဲ့ ဓါတ်ပုံ

မုန်တိုင်းဟာ တဖြည်းဖြည်းနဲ့ မြန်ဘက်ကို ရွှေ့လျားလာနေတဲ့ အတွက် ရခိုင်ပြည်နယ်ဘက်မှာ မုန်တိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို ကြိုတင် ပြင်ဆင်ထားတယ်ဆိုတာ သိနိုင်အောင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြား တာ၀န်ခံ ဦး၀င်းမြိုင်ကို မေးကြည့်တဲ့ အခါ မြန်မာ့ အသံက ကြေညာတဲ့ အထဲမှာ ရခိုင် မပါပေမယ့် မုန်တိုင်း ကြိုတင် ကာကွယ်ဖို့ ပြင်ထားတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြို့ထဲမှာလည်း လိုက်အော် သတိပေးခဲ့ပြီး ရေဒီယိုကလည်း ကြေညာ ပေးခဲ့တယ်လို့ သူက စစ်တွေမြို့ ပတ်၀န်းကျင်မှာ အာဏာပိုင် တွေဘက်က ဆောင်ရွက်ထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူက ပြောသွားခဲ့ပါတယ်။

ဒုက္ခသည်တွေကို မုန်တိုင်း တိုက်လာရင် ဘယ်ကိုသွားရမယ် ၊ ဘာတွေ လုပ်ရမယ်နဲ့ လိုအပ်တဲ့ အရေးပေါ် ပစ္စည်း စုဆောင်းထားဖို့ တွေကို ပြောထားပြီး ဖြစ်တယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ကလည်း ဟောပြောတဲ့ အထဲမှာ ထည့်သွင်း ဟောကြားခဲ့တာတွေ ရှိတယ်လို့ ဒုက္ခသည် စခန်းတွေနဲ့ ပတ်သက်ပြီးလည်း ကြိုတင် စီစဉ်ထားတဲ့ အခြေအနေတွေကို သူက ပြောပြခဲ့ ပါတယ်။

ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းဘက်က အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို မာန်အောင်မြို့က ဒေသခံ တစ်ဦးက မေးကြည့်တော့ သူတို့ဆီမှာ လူတွေက ပုံမှန်အတိုင်း သွားလာနေတာ တွေ့ရပြီး မုန်တိုင်း လက္ခဏာလည်း မတွေ့ရသလို အာဏာပိုင်တွေက လာရောက် သတိပေးတာလည်း မရှိဘူးလို့ ဆိုပါတယ်။

ရမ်းဗြဲကျွန်းမှာ တည်ရှိတဲ့ ကျောက်နီမော် ဘက်မှာတော့ မုန်တိုင်း အရိပ်အရောင်တွေကို မြင်လာနေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သူတို့ဆီမှာ ရာသီဥတု အခြေအနေက မကောင်းဘဲ မုန်တိုင်း လက္ခဏာ တွေ့ရကာ အာဏာပိုင်တွေက မုန်တိုင်းဝင်မယ်လို့ ကြေညာထားကြောင်း သူက ဆိုပါတယ်။

အဲဒါကြောင့် ပင်လယ်ဖက်သွားတဲ့ မော်တော်နဲ့ စက်လှေတွေဟာ အထဲ ပြန်ဝင်လာနေကြပြီလို့ သူက ပြောပါတယ်။