ဦးသိန်းစိန် လာမယ့် အပတ် အမေရိကန်သွားမယ်

Image caption ဦးသိန်းစိန် ပြောင်းလဲလိုစိတ် ကန်သိလို

မြန်မာသမ္မတ ဦးသိန်းစိန် လာမယ့် သီတင်းပတ် အတွင်း အမေရိကကို ပထမဆုံး တရားဝင် ခရီး သွားဖို့ ရှိပြီး ဒီခရီးစဉ် အတွင်း ဝါရှင်တန်မှာ အမေရိကန် သမ္မတ အိုဘားမား ၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တခြား အဆင့်မြင့် နိုင်ငံရေး ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမယ်လို့ သိရ ပါတယ်။

အရင်က မြန်မာနိုင်ငံ အကြီးအကဲတွေ အမေရိကကို တရားဝင် ခရီးစဉ် လာရောက်ပြီး အမေရိကန် သမ္မတနဲ့ တွေ့ဆုံ တာမျိုး မရှိခဲ့တဲ့ အတွက် ဦးသိန်းစိန် ခရီးစဉ်ဟာ သမိုင်းဝင် ခရီးစဉ် ဖြစ်လိမ့်မယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး တာဝန်ခံဟောင်းနဲ့ အခု လောလောဆယ် မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင် နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေတဲ့ Priscilla Clapp က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ ဦးသိန်းစိန် ဘယ်လောက် စိတ်ထက်သန် သလဲ အမေရိကန် အစိုးရက သိချင်ပြီး ကျန်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ ရခိုင်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ဘာသာရေး အကြမ်းဖက်မှုတွေ၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပြီး ပြုပြင် ပြောင်းလဲ ရေး ပြီးမြောက်အောင် ဘယ်လို စီစဉ် ထားလဲ ဦးသိန်းစိန်ရဲ့ အစီအစဉ်တွေကို အမေရိကန် အစိုးရ ကြားချင် လိမ့်မယ်လို့ Priscilla Clapp ကပြောပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကဏ္ဍမှာ အမေရိကန် ပြည်ထောင်စုက ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ ဦးသိန်းစိန်ရဲ့ အယူအဆကိုလည်း သိချင် လိမ့်မယ်လို့ သူက ပြောပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းခဲ့တာမျိုး အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်း နိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူပုံနဲ့ အမေရိကန် ရဲ့ ပိတ်ဆို့ အရေးယူမှုတို့ သဘော သဘာဝချင်း မတူကြောင်း၊ အမေရိကန်တို့ရဲ့ အရေးယူမှုက ပိုကျယ်ပြန့်ပြီး ဥပဒေ အမျိုးမျိုးနဲ့ ပြဋ္ဌာန်း လုပ်ဆောင်ခဲ့တာ ဖြစ်လို့ လွယ်လွယ်နဲ့ ရုပ်သိမ်းလို့ မရကြောင်း၊ ဒါကြောင့် အခု ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း ချက်ချင်း ရုပ်သိမ်းတာမျိုး မဖြစ်နိုင်ဘူးလို့ Priscilla Clapp ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ