ပြည်နယ်နဲ့ တိုင်းအသီးသီး စပါးဝယ်ယူရေး အဖွဲ့တွေ ဖွဲ့မယ်

Image caption စပါးဝယ်ယူရေး အဖွဲ့ဖွဲ့ပြီး တောင်သူတွေဆီက စပါးဝယ်မယ်

မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ စပါး ဝယ်ယူရေး အဖွဲ့တွေ ဖွဲ့ပြီး တောင်သူ လယ်သမားတွေ ဆီက နှစ်စဉ် စပါး ဝယ်ဖို့ ဆိုတဲ့ အချက်ကို လွတ်တော်က ရေးဆွဲနေတဲ့ တောင်သူ လယ်သမား အခွင့်ရေး ဥပဒေမှာထည့် ပြဌာန်းမယ်လို့ သဘောတူလိုက်ပါပြီ။

တောင်သူလယ်သမားတွေ ပါတဲ့ ဒီအဖွဲ့က တောင်သူတွေဆီက နှစ်စဉ် ဝယ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီနှစ်ကစပြီး နှစ်စဉ် အောက်တိုဘာလမှာ စပါးဝယ်ဈေးကို သတ်မှတ်ပြီး ဝယ်မှာဖြစ်ပါတယ်။

ဒါကို လွှတ်တော်က တောင်သူ လယ်သမား အသင်းတွေနဲ့ တွေ့ပြီး သဘောတူ လိုက်တာ ဖြစ်ပါတယ်။

အခု ရေးဆွဲနေတဲ့ တောင်သူလယ်သမား အခွင့်ရေး ဥပဒေ မူကြမ်းမှာလည်း ထည့်သွားမှာ ဖြစ်ပါတယ်။

ဒီအချက်အပြင် ဥပဒေမှာ ဘာတွေထည့်ဖို့ သဘောတူခဲ့တယ် ဆိုတာကိုလည်း လွှတ်တော် ဥက္ကဌနဲ့ ဥပဒေကြမ်း ကော်မတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ တောင်သူ လယ်သမား အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။ ဒီလို နှစ်စဉ် စပါးဝယ်တဲ့ ပုံစံဟာ အစိုးရက အခု အရန်ဆန် ဝယ်နေတဲ့ ပုံစံနဲ့ နည်းနည်းတော့ ကွဲပါတယ်လို့ တောင်သူ လယ်သမား အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

အရန်ဆန် အရှုံးမခံနိုင်တဲ့ သဘောရှိပြီး အခု ဝယ်မဲ့ ပုံစံက လယ်သမားတွေ အတွက် ဈေးအာမခံ နိုင်အောင် ရှုံးရှုံးမြတ်မြတ် သတ်မှတ် ဈေးထက်ကျနေရင် ဝယ်ပေးမှာ ဖြစ်တဲ့ အပြင် မြန်မာနိုင်ငံက မြို့နယ် အားလုံးမှာ ဖွင့် ပြီး ဝယ်မှာလို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

လွှတ်တော်ထဲမှာ တောင်သူလယ်သမား အခွင့်ရေး ကာကွယ်ဖို့ အဆိုတင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လွင် က အခု စပါး ဈေးသတ်မှတ်ပြီး လယ်သမားတွေကို ကာကွယ်ပေးတာ ကောင်းပေမဲ့ ဥပဒေမှာ တခြား ဘာတွေ ပါသင့်တယ် ဆိုတာတွေကိုလည်း ဖြည့်စွက် ပြောသွားခဲ့ပါတယ်။

လယ်သမား အခွင့်ရေး ဥပဒေ မူကြမ်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း အမေရိကန် နိုင်ငံက စိုက်ပျိုးရေး ပညာရှင်တွေနဲ့ တွေဆုံပြီး ဆွေးနွေးခဲ့ ပါတယ် ၊ ဒီဥပဒေဟာ ၇ ကြိမ်လောက် မူကြမ်းအတွက် ပြင်ဆင် ရေး ဆွဲ နေတာဖြစ်ပြီး လာမဲ့ ဇွန်လမှာ လွှတ်တော်ကိုတင်ပြီး အောက်တိုဘာ မတိုင်မှီ ထွက်လာဖို့ ရှိနေတယ်လို့ ဦးအောင်လွင်က ဆိုပါတယ်။

လယ်သမား အသင်းကတော့ လွှတ်တော်ကို လိုအပ်တာတွေ ပြောခဲ့ပြီး ဖြစ်တယ် ၊ ဥပဒေလည်း ထွက်လာတော့မှာပါ ၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာက မူဝါဒတွေ ဥပဒေတွေ ကောင်းပေမဲ့ အကောင်ထည်ဖော်တဲ့ အပိုင်း မှာ အားနည်းတာ ဆိုတော့ ဒီဥပဒေလည်း အကောင်ထည် ဖော်တာ အားနည်းခဲ့ရင်တော့ တိုင်းပြည်ရဲ့ လူဦးရေ သန်း၄၀ကျော် ရှိတဲ့ တောင်သူလယ်သမား တွေဟာ အရင်လိုဘဲ အကာကွယ်မဲ့ နေဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ