သမ္မတ ဦးသိန်းစိန် အမေရိကန် ထွက်ခွာ

U Thein Sein's first visit to the US in September 2012
Image caption ဦးသိန်းစိန်ရဲ့ ပထမအကြိမ် ခရီးစဉ်မှာ သမ္မတ အိုဘားမားကိုရော အဲဒီတုန်းက နိုင်ငံခြားရေး ဝန်ကြီး နဲ့ပါ တွေ့ဆုံခဲ့

နှစ်ပေါင်း ၅၀ နီးပါး အတွင်း မြန်မာ သမ္မတ တစ်ယောက်ကို အမေရိကန် အိမ်ဖြူတော်က ပထမဆုံး အကြိမ် ဖိတ်ခေါ်ခဲ့တဲ့ ခရီးစဉ် အတွက် သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့က ဝါရှင်တန် မြို့တော်ကို ထွက်ခွာ ဖို့ ရှိပါတယ်။

သမ္မတ အိုဘားမားနဲ့ မေလ ၂၀ ရက်နေ့ ကျရင် အိမ်ဖြူတော်မှာ တွေ့ဆုံ မယ်လို့ အမေရိကန် အစိုးရ ဘက်က ထုတ်ပြန်ပေမဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိ ပါဘူး။

ညသန်းခေါင် အချိန်လောက်မှာ ကိုရီးယား လေကြောင်း ခရီးစဉ်နဲ့ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာ မယ်လို့ သိရပါတယ်။

သမ္မတရဲ့ ဒီခရီးစဉ်မှာ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း အပြင် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စွမ်းအင်၊ ကျန်းမာရေးနဲ့ ပြန်ကြားရေး စတဲ့ ဝန်ကြီး ဌာန တွေက ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီး ၁၀ ယောက်ကျော် ပါဝင်တယ်လို့ အစိုးရနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး အဲဒီနေ့ မှာပဲ ဝါရှင်တန်မှာ ရှိတဲ့ မြန်မာ သံရုံး မိသားစု တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

မေလ ၁၉ ရက် တနင်္ဂနွေနေ့ မှာတော့ ဝါရှင်တန်မြို့ ဗွီအိုအေရဲ့ အစီအစဉ်နဲ့ အမေရိကန်ရောက် မြန်မာ တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နောက်တနေ့ တနင်္လာနေ့ မနက်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီးတဲ့အခါ ညနေပိုင်း မှာတော့ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ဌာနမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး နဲ့ အမေရိကန် မြန်မာ ဆက်ဆံရေး အကြောင်း သမ္မတဦးသိန်းစိန်က ဟောပြောဖို့ အစီအစဉ်ရှိပါတယ်။

ညပိုင်းမှာတော့ အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီက တည်ခင်းတဲ့ ညစာ စားပွဲကို တက်ရောက်မှာပါ။

ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေး ဆိုင်ရာ သဘော တူညီချက် တချို့ ကိုလည်း လက်မှတ် ရေးထိုးဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

မြန်မာ ဘက်က ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးတွေ ဒီခရီးစဉ်မှာ လိုက်ပါ သွားတာကို ကြည့်ရင် စစ်ဘက်နဲ့ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တွေကိုလည်း ဆွေးနွေး လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မေလ ၂၁ ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု ကနေ မြန်မာ နိုင်ငံကို ပြန်လည် ထွက်ခွာ လာဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ