အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို သတင်း သမားတွေ စိုးရိမ်နေ

Burma Media Conference
Image caption မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံ ဒုတိယနေ့ ဆက်လက် ကျင်းပခဲ့

မြန်မာ အစိုးရက ရေးဆွဲ ထားတဲ့ အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း နဲ့ပတ်သက်ပြီး မီဒီယာ သမားတွေ ကြားမှာ အမျိုးမျိုး ဝေဖန် နေပါတယ်။

အခန်း ၁၄ ခန်း၊ ပုဒ်မ ၇၇ ခု ပါတဲ့ အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းဟာ အစိုးရ မီဒီယာ တွေကို အမည်ပြောင်းပြီး ဆက်လက် ရှင်သန်အောင် လုပ်တာမျိုး ဖြစ်လာမှာကို စိုးရိမ်တယ် ဆိုတဲ့ ဝေဖန်သံ တွေကို အဓိက ကြားနေရ ပါတယ်။

ဥပဒေမှာ ပြောထားတဲ့ အစိုးရရဲ့ရည်ရွယ်ချက် တစ်ခုက နိုင်ငံပိုင် မီဒီယာတွေကို လွတ်လပ်ပြီး အနှောင် အဖွဲ့ ကင်းတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ အဖြစ် ပြောင်းလဲဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အစိုးရ ထိန်းချုပ်တဲ့ ကြေးမုံနဲ့ မြန်မာ့ အလင်း သတင်းစာတွေ၊ မြန်မာ့ အသံနဲ့ ရုပ်မြင် သံကြား အသံလွှင့် ဌာန တွေဟာ ဒီဥပဒေ အရ အများ ပြည်သူ ဝန်ဆောင်မှု သတင်း ဌာနတွေ ဖြစ်လာ ကြမှာပါ။

ဒါပေမဲ့ ဥပဒေ သစ်ကို ကိုင်တွယ် ဆောင်ရွက်မယ့် မီဒီယာ ကောင်စီနဲ့ အုပ်ချုပ်ရေး အဖွဲ့ရှိပြီး ကောင်စီမှာဆိုရင် သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌ တို့က ရွေးချယ် ခန့်ထားသူ တွေနဲ့ ဖွဲ့ရမှာ ဖြစ်တယ်၊ တခါ မီဒီယာ လုပ်ငန်းတွေကို သမ္မတဆီ ပြန်လည် အစီရင်ခံရမှာ ဖြစ်တဲ့ အတွက် ဒါဟာ အစိုးရ ရဲ့ ထိန်းချုပ်မှုကို ဆက်လက် ထားရှိတာလို့ ပြည်သူ့ခေတ် သတင်း ဂျာနယ်ရဲ့ အတိုင်ပင်ခံ အယ်ဒီတာ ဦးဖေမြင့်က ပြောပါတယ်။

ပုဂ္ဂလိကနေ့စဉ် သတင်းစာ အတော် များများ မှာလည်း အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းဟာ အစိုးရပိုင် သတင်းစာ တွေကို အကာ အကွယ် ပေးဖို့ပဲ ဖြစ်လာ နိုင်တယ် ဆိုတဲ့ ဝေဖန်မှုတွေ ကိုဖော်ပြတာ တွေ့ ရပါတယ်။

ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကတော့ ဒါတွေဟာ နားလည်မှုလွဲတာသာ ဖြစ်တယ်လို့ သူ့ရဲ့ facebook စာမျက်နှာမှာ ရေးထား ပါတယ်။

ဒီမိုကရေစီ အသွင် ကူးပြောင်း ခဲ့တဲ့ တခြား နိုင်ငံတွေ မှာလည်း နိုင်ငံပိုင် ကနေ ပြည်သူ့ ဝန်ဆောင်မှု မီဒီယာ ပုံစံ ပြောင်းတာတွေ လုပ်လေ့ ရှိကြောင်းနဲ့ ပုဂ္ဂလိက ဖြစ်ဖြစ်၊ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဖြစ်ဖြစ် အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာကို ပြည်သူ ကသာ ဆုံးဖြတ် လိမ့်မယ်လို့ သူက ဆိုထားပါတယ်။

ဒီဥပဒေမှာ နိုင်ငံတကာ စံနှုန်း တွေနဲ့ မညီတာ ရှိရင်လည်း ထောက်ပြ ကြဖို့ ဖိတ်ခေါ် ထားပါတယ်။

ရန်ကုန် မီဒီယာ ဂရုရဲ့ ဥက္ကဌ ဦးကိုကို (စက်မှု) ကတော့ အစိုးရ အနေနဲ့ ရည်ရွယ်ချက် ကောင်းနဲ့ ဆောင်ရွက်တာ ဖြစ်ပေမဲ့ တကယ့် လက်တွေ့မှာ ပီပြင်အောင် လုပ်ပြ ဖို့တော့ လိုလိမ့်မယ်လို့ ပြောပါတယ်။

တကယ်တော့ ပြန်ကြားရေး ဝန်ကြီး ဌာနဟာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှု တွေမှာ ရှေ့တန်း ရောက်နေတဲ့ ဌာန တွေထဲက တစ်ခုပါ။

ဒါပေမဲ့ မီဒီယာနဲ့ အစိုးရ ဆက်ဆံရေးကို ကြည့်ရင်တော့ ယေဘုယျ အားဖြင့် အစိုးရဟာ မီဒီယာတွေကို ဆက်ပြီးထိန်းချုပ်ချင် နေတုန်းပဲလို့ မီဒီယာတွေ ဘက်ကမြင် ကြသလို၊ အစိုးရ ဘက်ကလည်း သတင်း မီဒီယာ တွေဟာ အစိုးရ ဘာလုပ်လုပ် အကြောင်းရှာ အပြစ်တင်တယ် ဆိုတဲ့ အမြင်မျိုး ရှိနေတာ တွေ့ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ