ဘုန်းကြီး သတ်မှုနဲ့ ၇ ယောက် ကို ထောင်ချ

Lawyer of Defendants U Thein Than Oo
Image caption တရားခံတွေ ဘက်က အယူခံ ဝင်မယ်လို့ ရှေ့နေပြော

မိတ္ထီလာ မြို့က ရွှေဆိုင် တစ်ဆိုင်မှာ အရောင်း အဝယ် ကိစ္စ စကား များကြရာက နောက်ဆက်တွဲ ဖြစ်ခဲ့တဲ့ တိုက်ခိုက် မှုတွေ အတွင်း သံဃာ တစ်ပါးကို သတ်ဖြတ်မှုမှာ ပါဝင်တဲ့ မွတ်ဆလင် အမျိုးသား ၆ ယောက်နဲ့ လူငယ် တစ်ယောက်ကို တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ ပါတယ်။

သံဃာ တော် ဦးသောဘိတကို သတ်ဖြတ်ခဲ့ မှုမှာ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး အမျိုးသား တစ်ယောက်ကို ထောင်ဒဏ် ၂၈ နှစ်၊ ကျန်သူ တွေကိုတော့ ထောင်ဒဏ် ၂ နှစ် ကနေ ၂၄ နှစ် အထိ ပြစ်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။

အသက် ၁၆ နှစ်အောက် အရွယ် ညီညီနိုင် ဆိုသူ ကလေး တစ်ယောက် ကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

ကျန်တဲ့ ပြစ်ဒဏ် ချမှတ် ခံခဲ့ရသူတွေ ကတော့ အန်နဝါ၊ မျိုးထွန်းညွှန့်၊ မျိုးညွှန့်၊ ဖိုးချို၊ ဘာဂျေ (ခေါ်) ဇော်သက်နိုင်နဲ့ မျိုးဝင်း (ခေါ်)ရာရှစ် တို့ ဖြစ်ကြ ပါတယ်။

ထောင်ဒဏ် ချခံကြရ သူတွေ ထဲမှာ သက်သေ မခိုင်လုံဘဲ ချမှတ် ခံရသူ တွေလည်း ပါနေတဲ့ အတွက် သူတို့ရဲ့ မိသားစု တွေက ဆက်လက် အယူခံ ဝင်သွားမယ်လို့ တရားခံတွေရဲ့ ရှေ့နေ ဖြစ်သူ ဦးသိန်းသန်းဦးက ပြော ပါတယ်။

သံဃာ ဦးသောဘိတကို သတ်ဖြတ်ခဲ့ မှု အတွက် ရဲက အလိုရှိသူ ၁၁ ယောက် ရှိပြီး ၇ ယောက် ကိုပဲ ဖမ်းဆီး ရမိပါသေးတယ်။

ကျန်တဲ့ လေးယောက်က ထွက်ပြေး တိမ်းရှောင် နေတယ်လို့ မန္တလေးတိုင်း ဒေသကြီး တရား ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောပါတယ်။

မွတ်ဆလင် တွေနဲ့ ဗုဒ္ဓ ဘာသာဝင် နှစ်ဘက် လူမှု အသိုင်း အဝိုင်း အချင်းချင်း အပြန်အလှန် တိုက်ခိုက် သတ်ဖြတ် မှုတွေ ဖြစ်ခဲ့ကြ ပြီးတဲ့နောက် မွတ်ဆလင်တွေ သတ်ဖြတ် ခံရမှုမှာ ပါဝင် ကျူးလွန် ခဲ့သူ တွေကိုတော့ အခုချိန် အထိ တရားစီရင်မှု မပြုလုပ်သေး ပါဘူး။

ဦးရဲအောင်မြင့် ကတော့ လာမယ့် နှစ်လ အတွင်း တရား စီရင်မှုတွေ အားလုံး ပြီးစီး လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

မိတ္ထီလာက အကြမ်းဖက် ပဋိ ပက္ခတွေမှာ လူတွေ ထောင်နဲ့ ချီပြီး အိုးအိမ် စွန့်ခွာ ခဲ့ကြ ရတဲ့ အပြင် စုစုပေါင်း လူ ၄၀ ကျော် သေဆုံး ခဲ့ရပါတယ်။ သေဆုံးသူ အများစုဟာ မွတ်ဆလင်တွေ ဖြစ်ကြ ပါတယ်။

မိတ္ထီလာမှာ အရေးပေါ် အခြေ အနေ ထုတ်ပြန်ထားချက်ကို နောက်ထပ် ရက်ပေါင်း ၆၀ သက်တမ်း ထပ်တိုးဖို့ အင်္ဂါနေ့က ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ