ဂျပန်ပေါ် တင်နေတဲ့ အကြွေးတွေ မြန်မာကို လျှော်ပေးနိုင်တော့မလား

Image caption ၃၆နှစ် အတွင်း နိုင်ငံ အကြီးအကဲ အဖြစ် ပထမဆုံး လာရောက်တဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို သောကြာနေ့ မနေ့တုန်းက ရောက်ရှိလာပြီး ဒါဟာ ၃၆ နှစ် အတွင်း ဂျပန် နိုင်ငံ အကြီးအကဲ တယောက်ရဲ့ ပထမဆုံး ခရီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၊ စစ်အုပ်ချုပ်ရေး ကာလ အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး မတိုးတက်ခဲ့ပေမယ့် ဂျပန်ဟာ မြန်မာ ရဲ့ ထိပ်ဆုံးက စီးပွားရေး မိတ်ဖက် ဖြစ်ကြောင်းကို အခု ခရီးစဉ်က ပြသနေတာ ဖြစ်ပါတယ်။

စီးပွားရေး သမား အများအပြား လိုက်ပါလာခဲ့တဲ့ ဂျပန် ဝန်ကြီးချုပ်ကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ တခြား အရာရှိကြီးတွေက ရန်ကုန် လေဆိပ်မှာ သောကြာနေ့ ညနေက သွားရောက် ကြိုဆိုခဲ့ကြပြီး ဂျပန် ဝန်ကြီးချုပ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ကို သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၂၅ ရက်နေ့မှာတော့ ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ အာဇာနည် ဗိမာန် ၊ ဂျပန် သချိုင်းနဲ့ သီလဝါ ဆိပ်ကမ်းတို့ကို သွားရောက် လေ့လာမယ်လို့ သိရပြီး အခု ခရီးစဉ် အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုလည်း သွားရောက် တွေ့ဆုံလိမ့်မယ်လို့ ဆိုပါတယ်။

ဂျပန်ဟာ မြန်မာ နိုင်ငံမှာ လက်ရှိ ရင်းနှီးမြုပ်နှံနေတဲ့ စီမံကိန်း ၃၅ ခု နီးပါး ရှိပြီး အကြီးဆုံးကတော့ ရန်ကုန်မြို့နားက ဧက ၆ဝဝဝ နီးပါးရှိတဲ့ မစ်ဆူဘီရှိ ၊ မာရူဘီနီနဲ့ ဆူမီတိုမို ကော်ပိုရေးရှင်းကြီးတွေက ဦးဆောင်မယ့် သီလဝါ အထူး စီးပွားရေး ဇုန် တည်ဆောက်ရေး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ