တအိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရ အမိန့်ရုပ်ပေးဖို့ HRW တောင်းဆို

Image caption HRW အစီရင်ခံစာ ထုတ်ပြန်ချက် ဓါတ်ပုံ

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဖက်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက မွတ်ဆလင်တွေ တအိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရ ဆိုတဲ့ အမိန့် ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းပေးဖို့ မြန်မာ အစိုးရကို မနေ့က လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ HRW က ပန်ကြားလိုက်ပါတယ်။

ဒီတားမြစ်ချက်ဟာ ၂၀၀၅ ခုနှစ်လောက်က ထုတ်ပြန်ထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ လပိုင်းတုန်းက ပြန်အသက်သွင်းခဲ့တာ ဖြစ်တယ်လို့ HRW အဖွဲ့ အမျိုးသမီး တာဝန်ခံ အရူနာ တာရှီရပ်ပ်က ပြောပါတယ်။

ဒီဥပဒေက မဖြစ်မနေ လိုက်နာ ရမှာ ဖြစ်ပြီး သူ့အပြောအရ ရိုဟင်ဂျာတွေကို တအိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရလို့ သတ်မှတ်ထားတာဟာ လူ့အခွင့်အရေးနဲ့ ကိုက်ညီမှု မရှိတဲ့ အတွက်ကြောင့် အဲဒီ ဥပဒေကို မြန်မာ အစိုးရ အနေနဲ့ ပြန်ရုပ်သိမ်းပေးပါလို့ HRW က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

တခါ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ က ဒေါက်တာ အေးမောင်ကလည်း ဒီဥပဒေနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ ဒါဟာ ၁၉၈ဝ နိုင်ငံသား ဥပဒေ အရ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ လက်ထက် ကတည်းက ဒေသန္တရ အမိန့် ထုတ်ပြန်ချက် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကို 'နစက' က ဆက်လက် ကျင့်သုံး နေတာ ဖြစ်ပြီး ဒီလို နေရာမျိုးမှာ အခုလို ဥပဒေမျိုး ချမှတ် ထားသင့်တာကြောင့် ထုတ်ပြန်ထားခဲ့တာလို့ သူက ပြောပါတယ်။

တော်လှန်ရေး ကောင်စီ လက်ထက် ကတည်းက ချမှတ် ထားတဲ့ နိုင်ငံသား ပြုခွင့် ဥပဒေ ထဲက ၀င်သင့်တဲ့ အပေါက်ကို စီစဉ် ပေးထားတာ ဖြစ်တယ် ၊ ဒီဒေသဟာ အထူး ဒေသ တခု ဖြစ်ပြီး အချိန်မရွေး ဝင်ပေါက်တွေက မလုံခြုံဘူး ဖြစ်နေတဲ့ အခြေအနေရယ် ၊ အနီးမှာ ဘင်္ဂလားဒေ့ရှ်လို့ နိုင်ငံမှာက လူဦးရေ ဖောင်းပွမှု အဆမတန် ဖြစ်နေတာရယ် ၊ မူတည် ကျင့်ကြံအပ်တာကို ကန့်သတ် ထားတဲ့ အပေါ် ဒီဥပဒေကို ကန့်ကွက်ဖို့ မရှိဘူးလို့ သူက ဆိုပါတယ်။

ရုရှားမှာ ချက်ချင်ညှာ ဆိုတာ ရှိသလို ၊ ကိုဆိုဗို မှာ ဆိုရင်လည်း အာမေးနီးယန်းတွေ ရှိတာဘဲ ၊ ဒါဟာ ပထဝီ အနေအထားနဲ့ ဆိုင်တဲ့ ကိစ္စ တခု ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

နိုင်ငံသား ဖြစ်ပိုင်ခွင့် ၊ အချုပ်အချာ အာဏာ ၊ လူ့အခွင့်အရေး ဒါတွေကို ကြည့်ရင် အချုပ်အချာ အာဏာဟာ အလွန် အရေးကြီးတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

နိုင်ငံတိုင်းမှာ လူ့အခွင့်အရေး စံနှုန်းတွေ ရှိတယ် ၊ အာရှ စံနှုန်း ၊ ပထဝီ အနေအထားနဲ့ လူ့အခွင့်အရေး နောက်ကြောင်းတွေ အားလုံးကို ပြန်လည် သုံးသပ်ကြည့်ဖို့ လိုမယ်လို့ သူက ပြောပါတယ်။

ကမ္ဘာကြီးကို Globalization ဆိုတဲ့ စံနဲ့ နိုင်ငံတနိုင်ငံတည်း အဖြစ်ထားကြည့်မယ် ဆိုရင် ဒါဟာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။

နိုင်ငံတနိုင်ငံမှာ လူ့အခွင့်အရေး စံနှုန်း ၊ အချုပ်အချာ ပိုင်ခွင့် ၊ ယဉ်ကျေးမှု စံနှုန်းတွေ ရှိရာမှာ အမျိုးသားရေး အမြင်ကို အဓိက ထားပြီး ဒေသခံ အမြင် ၊ ပထဝီ အနေအထား ၊ လူထုရဲ့ သုံးသပ်မှုတွေ အပေါ်မှာ အခြေခံပြီး ကြည့်မယ့် အစား ဒါတွေကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို အရမ်း ရှေ့တန်း တင်မယ် ဆိုရင်တော့ နောင် နှစ် ၂၀ ၊ ၃ဝ ၊ လေးငါးဆယ် လောက်အထိ ပဋိပက္ခ အသွင်ကို ဆောင်သွားမယ့် အနေအထား ဖြစ်သွားလိမ့်မယ်လို့ ဒေါက်တာ အေးမောင်က သူ့သုံးသပ်ချက်ကို ရှင်းပြသွားခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အမေရိကန် အစိုးရကလည်း ဖျက်သိမ်း ပေးဖို့ တောင်းဆို ခဲ့တယ်လို့ သိရပါတယ်။