လားရှိုးမှာ လုံခြုံရေး ချထား

_bbc_lashio
Image caption လားရှိုးမြို့ တွင်း မီးရှို့မှု

လားရှိုးမြို့ ဆူပူမှု ပြဿနာ အစ ဖြစ်စေတဲ့ ကိုနေဝင်း ဆိုသူကို ရဲက ဖမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုရာမှာ မူးယစ်ဆေး သုံးစွဲတဲ့ သဘော တွေ့ရပြီး စိတ္တဇ ဆေးရုံ တက်ဖူးသူ လည်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထောက်လှမ်းရေး နဲ့ လုံခြုံရေး ဌာန ဒုတိယ ရဲမှူးကြီး မင်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

အခင်း ဖြစ်ပွားတဲ့ နေ့လယ်က အဆိုပါ ကိုနေဝင်း ဆိုသူဟာ သူ့ကိုယ်သူ မီးရှို့ဖို့ လုပ်တယ် ဆိုတဲ့ အတည်ပြုလို့ မရသေးတဲ့ သတင်းလည်း ထွက်လာကြောင်း၊ ရှမ်းတရုတ် အမျိုးသမီး မအေးဝင်း ဆိုသူ နဲ့ ကိုနေဝင်း လူချင်း တိုက်မိရာ က အချင်းများ ပြီး ကိုနေဝင်းက အနားက ဓာတ်ဆီဆိုင်က ဓာတ်ဆီ နှစ်ပုလင်း ဝယ်ပြီး နောက်က လိုက်ပြီး ဓာတ်ဆီလောင်း မီးရှို့ ပုံ ကို ဒုတိယ ရဲမှူးကြီး မင်းအောင် က ပြောပါတယ်။

ကိုနေဝင်း ကို ဖမ်းဆီးရှာဖွေ ရာမှာလည်း မူးယစ်ဆေးပြား နှစ်ပြား လက်ဝယ် တွေ့ရှိ သလို မူမမှန် ကြောင်တောင်တောင် ဖြစ်နေပုံ လည်းရှင်းပြပါတယ်။ လားရှိုး တည်းခိုခန်း မှာ တည်းကြောင်း၊ သူနဲ့ ပတ်သက်လို့ သံသယ ဖြစ်စရာ တွေ များတဲ့ အတွက် ဆက်လက် စစ်ဆေး နေကြောင်း ဒုတိယ ရဲမှူးကြီး မင်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

လားရှိုး မြို့ ကို သတင်းယူဖို့ ရောက်သွားတဲ့ သတင်းထောက် တယောက် က လည်း မြို့တွင်းမှာ အိမ်တလုံး မီးလောင်တာ တွေ့ရပုံ၊ သုံးဘီး ဆိုင်ကယ် တွေ ကို လမ်းမ ပေါ် ပုံပြီး မီးရှို့ ထားကြောင်း၊ လူ ၂ဝ၊ ၃ဝ ခန့်ဟာ တုတ်တွေ ဓားတွေ ကိုင်ပြီး ဆိုင်ကယ် တွေ စီးကာ သွားနေတာ ကို တွေ့ရပုံ ဘီဘီစီ ကို ပြောပါတယ်။

လုံခြုံရေး အပိုင်းမှာတော့ ည ၇ နာရီ နောက်ပိုင်း မထွက်ရ တော့ သလို စစ်တပ်ရော ရဲပါ တာဝန်ယူ စောင့်ရှောက် ပေးနေကြောင်း၊ သတင်းထောက် တွေ အနေနဲ့ လည်း ကိုယ့်အန္တရာယ် ကြည့်ရင်း အုပ်စု လိုက်ပဲ သွားကြရင်း သက်ဆိုင်ရာ အာဏာပိုင် တွေ အကူအညီ နဲ့ သတင်းယူ ပုံ တွေ ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ