လားရှိုး ဒုက္ခသည်တွေ ဘုန်ကြီးကျောင်း တွေမှာ ခိုလှုံနေ

Lashio
Image caption ဘုန်းကြီးကျောင်း တွေမှာ လု့ခြုံရေး သတိရှိဖို့ ဝန်ကြီး ဦးဆန်းဆင့်ပြော

လားရှိုးမြို့မှာ မေလ ၃၀ ရက် ကြာသပတေးနေ့ မနက်က ဆူပူမှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး နေအိမ် ၃ လုံး ဖျက်ဆီး ခံခဲ့ရ ပါတယ်။

မွတ်ဆလင် အများစု ပါဝင်တဲ့ ဒုက္ခသည် တစ်ထောင်ကျော်ဟာ ဘုန်တော်ကြီးကျောင်း နှစ်ကျောင်းမှာ ခိုလှုံ နေရ ပါတယ်။

အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်မှုးချုပ် အောင်စိုးကလည်း နီးစပ်ရာ ကျေးရွာတွေကနေ ထွက်ပြေး လာကြသူ တွေကို စစ်စခန်းတွေထဲမှာ ခိုလှုံခွင့် ပေးထားပြီး စောင့်ရှောက် ပေးနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူတို့ စောင့်ရှောက် ထားသူ လူ ၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့မှာ ကြာသပတေး မနက်ပိုင်းက အခြေအနေ တည်ငြိမ် နေခဲ့ပြီး နေ့လည် ၁၁ နာရီ လောက် ရောက်မှ လူ ၂ဝ လောက်က ရပ်ကွက် ၃ ခုက နေအိမ် ၃ လုံးကို ဖျက်ဆီး ခဲ့ကြ တယ်လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေး ဌာနက ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်လည်း လာရှိုးကို ရောက်နေပြီး ဘုန်းကြီးကျောင်း တွေကို လုံခြုံရေး သတိ ရှိကြဖို့ ပြောခဲ့ ပါတယ်။

တုတ်၊ ဓါး ကိုင်ထားတဲ့ သူတွေကို ဘုန်းကြီးကျောင်းတွေထဲ အဝင် မခံဖို့နဲ့ ဝင်ရောက် လာတဲ့ သူတွေ ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ အပြင် မသိတဲ့ သံဃာတော်နဲ့ ရဟန်းဝတ် တွေကို ဘုန်းကြီးကျောင်း တွေမှာ လက်မခံဖို့ စတာ တွေကို သတိပေးခဲ့ ပါတယ်။

ဒုက္ခသည် ၁၃ဝဝ လောက် မန်ဆူဘုန်းတော်ကြီးကျောင်းနဲ့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းတွေ မှာ သွားရောက်ခိုလှုံ နေကြ ပါတယ်။

ညနေပိုင်း မှာတော့ လားရှိုးမြို့မှာ တည်ငြိမ် နေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း အတွင်းက ကျောက်ကြီး မြို့နယ် မုန်းရွာမှာ လည်း ချိတ်ပိတ် ထားတဲ့ ဗလီ တစ်လုံးနဲ့ မွတ်ဆလင် နေအိမ် တစ်လုံးကို ဗုဒ္ဓဟူးနေ့ ညနေက ဘုန်းကြီး အပါး ၂၀ ကျော်က ဖျက်ဆီးခဲ့ ပါတယ်။

ဘာသာကွဲ မယား ညီအစ်ကိုချင်း ရန်ဖြစ်ခဲ့ပြီးနောက် နောက်ဆက်တွဲ အခုလို ဖြစ်ခဲ့ တာလို့ ရဲအရာရှိကြီး တစ်ယောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ