၁ဝ နှစ်ပြည့် ဒီပဲယင်း အမှုမှန် ပေါ်စေချင်

Image caption ဒီပဲယင်း ဖြစ်ခဲ့တာ ၁ဝ နှစ်ပြည့်ပြီ

ဒီပဲယင်း ဖြစ်ခဲ့တာ ၁ဝ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် ဒီကိစ္စမှာ ခံခဲ့ရသူ ကာယကံ ရှင်တွေကို ကျေနပ်အောင် လုပ်ပေးရမယ်လို့ ဒီပဲယင်း အခင်း ဖြစ်ပွားခဲ့ တုန်းက ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့က ကားကနေ လုံခြုံရေး တာဝန်ယူ ပေးခဲ့သူ အခုအခါ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေသူ ကိုအောင်အောင်က ပြောပါတယ်။

သေတဲ့ အထဲမှာ သူ့မိတ်ဆွေတွေလည်း ပါပြီး အဲဒီလို သေဆုံးသွားသူတွေရဲ့ မိဘ ဆွေမျိုးတွေရဲ့ အသံကို နားထောင်သင့်တယ်လို့ သူက ထောက်ပြပါတယ်။

သူတို့ကို ဘယ်လို နှစ်သိမ့်မလဲ ဆိုတာ ရှိပြီး အခုလို ဆယ်နှစ်ပြည့်မြောက်တဲ့ အချိန်မှာ တကယ်ခံခဲ့ရသူတွေ အနေနဲ့ ပိုခံစားနေရလိမ့်မယ်လို့ သူက ပြောပါတယ်။

တဖက်က အမျိုးသားရေး ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်နေတာ ကောင်းပေမယ့် အစိုးရ အနေနဲ့ တကယ်ကော အမျိုးသား ပြန်လည် သင့်မြတ်ရေးကို သွားနေတာ ဟုတ်ရဲ့လား ဆိုတာကို ကြည့်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ အစိုးရက နောက်ကြောင်း ပြန်မလှည့်ဘူးလို့ ဆိုပေမယ့် တချို့ ကိစ္စတွေမှာ ဖမ်းဆီး နေတာတွေ ကြားနေရပြီး ဒါဟာ အရင်က လုပ်ခဲ့တဲ့ ပုံစံကို သွားနေတာဘဲ လို့ သူက ပြောပါတယ်။

သူ့အနေနဲ့တော့ တကယ် ခံခဲ့ရသူတွေရဲ့ ဆန္ဒကို ဖော်ထုတ်ချင်တယ် လို့ ဆိုပါတယ်။

အဲဒီတုန်းက ကိုအောင်အောင် အနေနဲ့ အထိန်းသိမ်း ခံခဲ့ရတာ နှစ်ပတ် ကြာခဲ့ပြီး ဒီကာလ အတွင်းတွေ နှိပ်စက် ခံခဲ့ရတာ မရှိဘူးလို့ သူက ပြောပါတယ်။

အဲဒီတုန်းက စစ်အစိုးရ ခေတ် ဖြစ်ပေမယ့် အခု အစိုးရကလည်း အရင် စစ်အစိုးရရဲ့ တစိတ်တပိုင်းဘဲ ဖြစ်တယ် ၊ လက်ရှိ အာဏာ ယူထားသူတွေ အပေါ်မှာ တာဝန် ရှိတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သူတို့ ကိုယ်နှိုက်က အဲဒီ အရေးအခင်းမှာ ခံခဲ့ရသူတွေကို တောင်းပန်ရမယ် ၊ ကာယကံရှင်တွေ ကျေနပ်အောင် လုပ်ပေးရမယ်လို့ ပြောပါတယ်။

NLD ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရရော နှစ်ဖက်စလုံး ခံစားခဲ့ရသူတွေကို ကျေနပ်အောင် နှစ်သိမ့် ပေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

တကယ်တော့ တရားဥပဒေ ရှုထောင့်က ကြည့်မယ် ဆိုရင် တချိန် တခါမှာတော့ ပြန်ဖော်ထုတ် ရမယ် ၊ အခု ကာလ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်နေပေမယ့် ဒီကိစ္စကို မေ့မထားသင့်ဘူးလို့ သူက ပြောပါတယ်။

ဒီကိစ္စက အကြီးကြီးဘဲ မေ့ပျောက်ထားလိုက်ရင် ဒါမျိုးတွေ ပြန်ပြန် ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။