မြန်မာ့စီးပွားရေးကို IFC အကောင်းမြင်

karin_finkelston_ifc World Bank
Image caption ကမ္ဘာ့ဘဏ်အဖွဲ့ခွဲ IFC က Ms. Karin Finkelston

အရှေ့အာရှ ဒေသ အတွက် ၂ဝ၁၃ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲကို နေပြည်တော်မှာ ကြာသပတေးနေ့မှာ တရားဝင် စတင် ဖွင့်လှစ် တော့မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ တက်လာတဲ့ ကမ္ဘာ့ဘဏ် အဖွဲ့ခွဲ IFC နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းက အာရှပစိဖိတ် ဒေသ ဒုတိယ ဥက္ကဋ္ဌ Karin Finkelston ကို ဘီဘီစီ အကြီးတန်း သတင်းထောက် ဦးကိုကိုအောင်က သီးသန့် တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး။ ။မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ကျွန်မရဲ့ ပထမဆုံး အမြင် ကတော့ အပြောင်းအလဲ တွေဟာ သိပ်မြန်ပြီး သိပ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အစိုးရအနေနဲ့ ရင်းနှီး မြှုပ်နှံသူ တွေကို ဆွဲဆောင် နိုင်အောင် ကြိုးစားနေပြီး ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု တွေကို အားပေး နေပါတယ်။ IFC ဟာ ကမ္ဘာ့ဘဏ်ရဲ့ ပုဂ္ဂလိကပိုင်း ဆိုင်ရာ ကဏ္ဍနဲ့ သက်ဆိုင်တဲ့ အပိုင်းကို လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်လို့ ဖွံ့ဖြိုး တိုးတက်မှုမှာ အားလုံး ပါဝင်နိုင်ဖို့ အဓိက ဦးတည် ဆောင်ရွက် ပါတယ်။ မြန်မာ နိုင်ငံမှာ ပထမဆုံး လုပ်တာ ကတော့ စုပေါင်းဘဏ် တခု ထူထောင်တာပဲ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာ အသေးစား ချေးငွေ လုပ်ငန်း ဆောင်ရွက်ဖို့ အလှူရှင် အဖွဲ့အစည်း တခု အနေနဲ့ စတင် ထူထောင်တဲ့ ပုံစံမျိုးပါ။ သူတို့အနေနဲ့ ဘဏ်လုပ်ငန်း လိုင်စင် ရနိုင်အောင်၊ အလှူရှင်ကို အားကိုးစရာ မလိုဘဲ စီးပွားဖြစ် လုပ်နိုင်မယ့် အသေးစား ချေးငွေ လုပ်ငန်း ဖြစ်လာအောင် IFC ကကူညီပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ အသေးစား ချေးငွေ လုပ်ငန်း တွေကိုလည်း စီးပွားဖြစ် လုပ်နိုင် လာအောင် ကူညီပေး နေပါတယ်။ ဒါ သိပ်အရေးကြီးတဲ့ ခြေလှမ်းလို့ ကျွန်မတို့ မြင်ပါတယ်။

မေး။ ။အသေးစားချေးငွေ အကြောင်း ဆက်မပြောခင် နိုင်ငံခြားက ရင်းနှီး မြှုပ်နှံမယ့် သူတွေဟာ တကယ်တမ်း အရင်းအနှီးတွေ ယူလာဖို့မှာ လက်တွန့် နေသေးတာ ဘာကြောင့်လဲ ဆိုတာ ပြောပြနိုင်မလား။

ဖြေ။ ။ကျွန်မ ထင်တာတော့ ဒီနိုင်ငံဟာ အကြာကြီး တံခါးပိတ် ထားခဲ့ပါတယ်။ ဒီတော့ ရင်းနှီးမြှုပ်နှံ ချင်သူ တွေက ပြုပြင် ပြောင်းလဲရေး ဘယ်လောက် လုပ်နေလဲ ဆိုတာကို ကြည့်ကြ ပါလိမ့်မယ်။ ကျွန်မအမြင် ကတော့ တကယ်လို့ သူတို့သာ ဒီမှာ အချိန်နည်းနည်း ပေးပြီး လေ့လာကြည့်မယ် ဆိုရင် ပြုပြင် ပြောင်းလဲရေး တွေ တကယ် လုပ်နေတယ် ဆိုတာမျိုး ခံစားမိပါလိမ့်မယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ ကတော့ အစိုးရရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု တွေမှာ အားလုံး ပါဝင်နိုင်ဖို့နဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ကလည်း တာဝန်သိသိ ပါဝင်ကြဖို့ ဦးတည် ဆောင်ရွက် နေပါတယ်။ ဆိုလိုတာ က ရင်းနှီး မြှုပ်နှံသူ တွေကို ပွင့်လင်း မြင်သာပြီး နိုင်ငံ တကာ စံနှုန်းနဲ့ ညီအောင် အလုပ်လုပ်ဖို့ ကျွန်မတို့က ဆွဲဆောင်မှာပါ။ ပြည်တွင်း လုပ်ငန်းရှင်တွေ၊ ဘဏ်တွေ ကိုလည်း နိုင်ငံတကာ စံနှုန်းနဲ့ ညီအောင် မြှင့်ပေးဖို့ လုပ်နေပါတယ်။

မေး။ ။ဒီလို ပြုပြင် ပြောင်းလဲရေးတွေဟာ တကယ် လိုအပ်တာ မှန်သလို တကယ် ဖြစ်လာအောင် လုပ်ဖို့ကလည်း ခက်တယ် မဟုတ်လား။ ဒီတော့ စီးပွားရေး တိုးတက် လာအောင် လုပ်ဖို့မှာအဓိက ဘာတွေ လိုအပ်နေပါလဲ။

ဖြေ။ ။ဒီနေရာမှာ ပြောစရာ သုံးခုလောက် ရှိပါတယ်။ တခုက ရင်းနှီး မြှုပ်နှံရေးနဲ့ ပတ်သက်တဲ့ မူဘောင်နဲ့ ဆိုင်ပါတယ် ။ ပြည်တွင်းမှာ လုပ်ငန်းငယ် တွေ လွယ်လွယ်ကူကူ ထူထောင်နိုင်ဖို့၊ လူတွေ ငှားနိုင်ဖို့၊ လုပ်ငန်း လိုင်စင် အလွယ်တကူ ရနိုင်ဖို့၊ မလိုအပ်တဲ့ ငွေကောက်ခံမှုတွေ မလုပ်ဖို့၊ စည်းမျဉ်း တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့၊ ရှေ့နောက် ညီညွတ်တဲ့ ပုံစံမျိုးနဲ့ အလုပ်လုပ်ဖို့ ဒါတွေဟာ ပထမ လိုအပ်ချက်ပါ။ ဒုတိယ လိုတာက အခြေခံ အဆောက်အဦ တွေကို သုံးနိုင်ဖို့ပါ။ အရေး အကြီးဆုံး ထဲမှာ လျှပ်စစ် စွမ်းအင်လည်း ပါပါတယ်။ နောက် ဧရိယာ တခု ကတော့ မိုဘိုင်းဖုန်းတွေ များများ သုံးနိုင်ဖို့ပါ။ လုပ်ငန်း လိုင်စင် ချပေးမယ့် လုပ်ငန်းစဉ်ကို ခုထိ တွေ့ရတဲ့ အတိုင်း ဆိုရင်တော့ ပွင့်လင်း မြင်သာမှု ရှိပါတယ်။ ဒီလ ကုန်လောက်ဆိုရင် လိုင်စင် တခုနှစ်ခု လောက်ကို အစိုးရက ချပေး လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။ ဒါဟာ လူတွေ ဖုန်းပိုင်ဆိုင် ရရုံထက် ပိုအကျိုးရှိပါတယ်။ ဥပမာ ကျေးလက် ဒေသတွေမှာ ဖုန်းတွေ သုံးနိုင် လာမယ်ဆိုရင် ဈေး ကွက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို သူတို့ အလွယ်တကူ ရလာနိုင်မှာပါ။

မေး။ ။တကယ်တမ်း ကျတော့ ပြုပြင် ပြောင်းလဲရေးတွေ စလုပ်ပြီး ၂ နှစ်လောက် ကြာလာတဲ့ ခုချိန်ထိ အဲဒီ အပြောင်း အလဲရဲ့ အကျိုးကျေးဇူးကို လူတွေ သိပ် မခံစားရ သေးပါဘူး။ အဲဒီလို ခံစားနိုင်အောင် ဘာလုပ် လို့ရမယ် ထင်ပါလဲ။

ဖြေ။ ။အခြေခံ အဆောက်အဦ တွေကို လူတွေ သုံးနိုင်ဖို့ဟာ အရေးကြီးသလို အချိန်လည်း ယူရပါတယ်။ အခု မိုဘိုင်းဖုန်း လိုင်စင်တွေကို ပွင့်လင်း မြင်သာတဲ့ ပုံနဲ့ ဆက်လုပ်သွားရင် ဒီလိုင်စင် ချပေးတဲ့ ပုံစံဟာ နမူနာကောင်း တခု ဖြစ်လာနိုင် ပါတယ်။ လိုင်စင် ချပေး ပြီးတာနဲ့ လူတွေ အကျိုး ကျေးဇူးကို မြန်မြန် ခံစား လာနိုင်ပါတယ်။ ဥပမာ ပစိဖိတ်ကျွန်း နိုင်ငံ တွေမှာဆိုရင် လွန်ခဲ့တဲ့ ၆ နှစ်လောက် တုန်းက လူ ၁ဝဝ မှာ ၁ဝ ယောက် လောက်ပဲ မိုဘိုင်းဖုန်း ပိုင်ဆိုင် ကြပါတယ်။ ဒီနေ့မှာ ၆ဝ ရာနှုန်း အထိ တက်လာပါပြီ။ အထူးသဖြင့် ကျေးလက်ဒေသ၊ သွားလာလို့ မလွယ်တဲ့ဒေသ တွေမှာပါ။

မေး။ ။စီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်ပြီး လူတွေ အကျိုး ခံစားနိုင်ရေးကို ကျွန်တော်တို့ ပြောနေတာတော့ ဟုတ်ပါပြီ။ အခု ကမ္ဘာ့ စီးပွားရေး ဖိုရမ် ကျင်းပ နေတဲ့ ညီလာခံ ခန်းမနဲ့ သိပ်မဝေးတဲ့ နေရာတွေကို သွားကြည့် လိုက်ရင် ဆင်းရဲတဲ့ သူတွေ အများကြီး တွေ့ရမှာပါ။ ကမ္ဘာ့ ထိပ်သီးတွေ လာကြတဲ့ ဒီစီးပွားရေး ဖိုရမ်ကြီးနဲ့ သူတို့ တိုက်ရိုက် မဆက်စပ် သလို ဖြစ်နေပါတယ်။ အဲဒါကို ဘယ်လို နည်းနဲ့ ဆက်စပ် ယူနိုင်မလဲ။

ဖြေ။ ။ကျွန်မထင်တယ်၊ လူတွေကို ငွေကြေး အရင်းအနှီး ရနိုင်အောင် ဆောင်ရွက် ပေးဖို့ သိပ်အရေး ကြီးပါတယ်။ အသေးစား ချေးငွေတို့၊ လုပ်ငန်း ငယ်လေးတွေ စတင်ဖို့ တို့လို အပိုင်းတွေပေါ့။ နောက် တနည်းက အပြင် ကနေ စံနှုန်း မြင့်မားတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံ မှာလည်း ဒီလိုလုပ်လို့ ရနိုင်တယ် ဆိုတာကို ပြသဖို့ပါ။ လျှပ်စစ် စွမ်းအင်လို အပိုင်းမှာလည်း အိန္ဒိယလို နိုင်ငံ မျိုးမှာ အောင်မြင်ခဲ့ တဲ့ နမူနာတွေ ရှိခဲ့ပါတယ်။ ကျေးလက် ဒေသတွေမှာ ခေါင်မိုး ပေါ်မှာ ဆိုလာပြား တပ်ပြီး လျှပ်စစ် ထုတ်ပေး တာမျိုးတွေ လုပ်နိုင် ခဲ့ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ တချက်က စီးပွားရေးမှာ သယံဇာတ ကိုချည်း လုံးဝ အားမကိုးဘဲ နယ်ပယ်စုံကို ချဲ့ထွင် နိုင်ဖို့ပါ။ အခု လောလောဆယ်မှာ မြန်မာ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုရဲ့ ၈ ရာနှုန်း လောက်သာ ထုတ်လုပ်ရေးပိုင်းတို့၊ ကမ္ဘာလှည့် ခရီးသည် လုပ်ငန်းတို့ ဘက်ကို သွားပါသေးတယ်။ အလုပ်အကိုင် အားလုံးရဲ့ ၉ဝ ရာနှုန်း လောက်ကို ဖန်တီးနိုင်တဲ့ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး လာဖို့ အရေးကြီး ပါတယ်။ လုပ်ငန်းငယ် လေးတွေ ဖွံ့ဖြိုး အားကောင်း လာဖို့လည်း အရေးကြီး ပါတယ်။ ဒီလို ဖွံ့ဖြိုးအောင် ကျွမ်းကျင်မှုတွေ ရလာနိုင်ဖို့ ပြင်ပက ဖက်စပ် လုပ်ကိုင်သူတွေ ကိုလည်း ဖိတ်ခေါ် သင့်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ