မလေးရှားမှာ မြန်မာတွေကို ရဲတွေ လိုက်လံ ဖမ်းဆီး

Image caption မလေးရှားမှာ မြန်မာနိုင်ငံသား ၄သိန်းလောက် သွားရောက် အလုပ်လုပ်နေ

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထားတယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှု တွေကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ထိခိုက် ဒဏ်ရာရသူတွေ ရှိခဲ့အပြီးမှာ အခုအခါ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေကို မလေးရှားရဲက လိုက်လံ ရှာဖွေ ဖမ်းဆီးနေတာမို့ မြန်မာတွေ ပုန်းရှောင်နေရတယ်လို့ သိရပါတယ်။

ကွာလာလမ်ပူ မြို့မှာ မြန်မာနိုင်ငံသား အများအပြားကို ရဲတွေ လိုက်လံ ဖမ်းဆီးပြီး ကားတွေနဲ့ တင်ဆောင်သွားတယ်လို့ မလေးရှားရောက် မြန်မာ အမျိုးသမီး တဦးက ဘီဘီစီကို ပြောပြပါတယ်။

မလေးရှားရဲကတော့ အခြေအနေတွေ ဒါ့ထက် ပိုဆိုးမလာအောင် အခုလို ဖမ်းဆီးမှု တွေ လုပ်ရတာလို့ ပြောပါတယ်။

တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကိုတော့ ခုချိန်ထိ ဖေါ်ထုတ် ဖမ်းဆီး အရေးယူ နိုင်တာမျိုး မရှိသေးပါဘူး။

မလေးရှားရောက် မြန်မာတွေကတော့ ဒီတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ အကြား ပဋိပက္ခတွေရဲ့ အကျိုးဆက် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဒီကိစ္စမျိုးတွေ နောက်ထပ် မဖြစ်အောင် ကာကွယ် တားဆီးပေးဖို့၊ တာဝန်ရှိ သူတွေကို ရှာဖွေ ဖေါ်ထုတ် အရေးယူပေးဖို့ နဲ့ မလေးရှားရောက် မြန်မာတွေရဲ့ လုံခြုံရေးကို အိမ်ရှင်နိုင်ငံက တာဝန်ယူပေးဖို့ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကို မနေ့က ခေါ်ယူတွေ့ဆုံပြီး သတိပေး အကြောင်းကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသားပေါင်း ၄သိန်းလောက် ရှိပြီး အများစုဟာ စျေးဆိုင်တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။