အေဒီဘီက မြန်မာ့ ခရီးသွားလုပ်ငန်း အတွက် ဒေါ်လာ သန်း ၅၀၀ ကူမယ်

World Economic Forum
Image caption မြန်မာ နိုင်ငံမှာ ကမ္ဘာ့ စီးပွားရေး ဆွေးနွေးပွဲ ပထမဆုံး ကျင်းပ

မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ ၂၀၁၃ ခုနှစ် အတွက် အာရှ ဒေသ ဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ် အတွက် အစည်း အဝေး တွေကို နေပြည်တော်မှာ စတင် ကျင်းပ နေပါတယ်။

ကမ္ဘာ့ စီးပွားရေး ဆွေးနွေးပွဲကို နိုင်ငံ ပေါင်း ၅၅ နိုင်ငံက ကိုယ်စား လှယ် ၉၀၀ ကျော် တက်ရောက် နေပါတယ်။

ပထမနေ့ ဆွေးနွေးမှု တွေမှာ မြန်မာ့ စီးပွားရေး အလား အလာနဲ့ အခွင့် အလမ်းတွေ၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုတွေ အကြောင်း ဆွေးနွေး ခဲ့ပါတယ်။

မြန်မာ အစိုးရ ခေါင်းဆောင် တွေနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေ ကြားမှာ ဆွေးနွေးပွဲတွေ အသီးသီး ပြုလုပ် နေရာမှာ ADB အာရှ ဖွံ့ဖြိုးရေး ဘဏ်က မြန်မာ နိုင်ငံ ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း စီမံကိန်းကြီး အတွက် ဒေါ်လာ သန်း ၅၀၀ ထုတ်ချေး မယ်လို့ ကြေညာခဲ့ ပါတယ်။

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘာဒီးယား နိုင်ငံ တို့က အာဆီယံ ဒေသ အတွင်း လွတ်လပ်စွာ သွားလာ နိုင်ခွင့် သဘော တူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုး နိုင်ခဲ့ ပါတယ်။

အခု ဆွေးနွေးပွဲကို တက်ရောက် လာကြသူတွေဟာ မြန်မာ နိုင်ငံ ရဲ့ ပကတိ အခြေအနေ ကို သိနိုင်တဲ့ အတွက် အစိုးရ အတွက်ရော ရင်း နှီးမြုပ်နှံ ဖို့ ပြင်နေသူတွေ အတွက်ပါ အခွင့် အရေး ကောင်းတယ်၊ နိုင်ငံ ကိုရော အစိုးရ ကိုပါ ဂုဏ်တက် စေတယ်လို့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

မြန်မာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်တဲ့ လွိုင်ဟိန်း ကုမ္ပဏီက ဒေါက်တာ စိုင်းဆမ်ထွန်း ကတော့ လက်ရှိ မြန်မာ နိုင်ငံမှာ အခုလို စီးပွားရေး ဖိုရမ် ကျင်းပ နိုင်တာဟာ မြန်မာ နိုင်ငံ အတွက် ဂုဏ်ယူစရာ ဖြစ်ပေမဲ့ နိုင်ငံတကာက ရင်းနှီး မြှုပ်နှံလိုသူတွေ လေ့လာ နေချိန်မှာ သူတို့ စိတ်ပျက် မသွားဖို့ လိုတယ် လို့ သတိပေး ပါတယ်။

အစိုးရ အနေနဲ့ ဘယ်လို ဝေဖန်မှု တွေကိုမှ ဂရုစိုက် မနေဘဲ သူတို့ လက်ရှိ ချမှတ် ထားတဲ့ လမ်းစဉ် အတိုင်း တစိုက် မတ်မတ် ဆက်လုပ် သွားဖို့ လိုအပ်တယ်လို့ သူက ထောက်ပြ ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အစီအစဉ်တွေ ထဲမှာ ဘီဘီစီ World Debate အစီ အစဉ် လည်း တစ်ခု ပါဝင် ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းတို့ မျက်နှာ ချင်းဆိုင် ပါဝင် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ