World Economic Forum နေပြည်တော်မှာ ကျင်းပပြီ

Image caption World Economic Forum တံဆိပ်

၂ဝ၁၃ ခုနှစ် အရှေ့အာရှ ဆိုင်ရာ World Economic Forum ကို နေပြည်တော်မှာ ဇွန်လ ၅ ရက်ကနေ ၇ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ နိုင်ငံတကာက ခေါင်းဆောင်တွေ ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ၊ အစိုးရ အရာရှိတွေ ၊ ပညာရှင်တွေနဲ့ လူမှု အခြေပြု အဖွဲ့အစည်းက အကြီးအကဲတွေ တက်ရောက် ကြလိမ့်မယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဌ အဖြစ် ဆောင်ရွက်မယ့် မြန်မာ နိုင်ငံဟာ အာဆီယံ ၁ဝ နိုင်ငံရဲ့ ၂ဝ၁၅အထိ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် တွေမှာ အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်လာသလို အာဆီယံ ဒေသရဲ့ ပထဝီ စီးပွားရေးနဲ့ ပထဝီ နိုင်ငံရေးတို့ဟာ ကမ္ဘာစီးပွားရေး ရဲ့ အချက်အချာ အဓိက အာရုံစိုက်ရာ စျေးကွက်ကြီး ဖြစ်လာတဲ့ အကြောင်းတွေကို ဆွေးနွေးကြလိမ့်မယ် လို့ ဆိုပါတယ်။

အခုလို မြန်မာနိုင်ငံမှာ World Economic Forum ကျင်းပတာနဲ့ ပတ်သက်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးကို မေးကြည့်တဲ့ အခါ ဒေသတွင်းမှာ မြန်မာ နိုင်ငံ ထက်ပိုပြီး နိုင်ငံတကာ နဲ့ ဆက်ဆံတဲ့ ၊ နိုင်ငံတကာနဲ့ ပူးပေါင်းမှု ရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အများအပြား ရှိပေမယ့် အဲဒီ နိုင်ငံတွေမှာ မကျင်းပဘဲ မြန်မာ နိုင်ငံမှာ လာရောက် ကျင်းပတာဟာ အင်မတန်မှ ထူးခြားတဲ့ အချက်တချက်ဘဲလို့ သူက ဆိုပါတယ်။

အခုလို ညီလာခံကို မြန်မာ နိုင်ငံမှာ လာရောက် ကျင်းပရခြင်းဟာ လက်ရှိ ဆောင်ရွက်နေတဲ့ အသွင်ကူးပြောင်းမှုတွေကို နိုင်ငံတကာက အားပေး ထောက်ခံတဲ့ သဘောလည်း ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အပြောင်းအလဲ ခြေလှမ်းတွေ လှမ်းတဲ့အခါ အာစီယံ နိုင်ငံတွေထဲက ရှေ့ကသွားတဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ယူပြီး မြန်မာ နိုင်ငံက သင်ခန်းစာ အဖြစ် ဆွေးနွေးနိုင်အောင် အခုလို ညီလာခံတွေ ကျင်းပတာ ကောင်းတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

လက်ရှိ အနေအထားမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တကမ္ဘာလုံးက လူတွေက အာရုံစိုက်နေတာကြောင့် အခုလို ညီလာခံမျိုး မြန်မာ နိုင်ငံမှာ လာရောက် ကျင်းပတာ ဖြစ်တယ် ၊ ဒီအချက်က အားရစရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။

မြန်မာ နိုင်ငံမှာ လာရောက် စီးပွားရေး မြှုပ်နှံဖို့ တွန့်ဆုတ် သူတွေ ရှိနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး သူက ဖြေကြားရာမှာ အဲဒီ တွန့်ဆုတ်သူတွေကို မြန်မာ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေက အများကြီး ပြောင်းလဲ သွားစေမှာပါ ၊ မြန်မာ နိုင်ငံ အနေနဲ့ ဒီညီလာခံ လုပ်နိုင်တဲ့ အတွက် မျက်နှာပန်းလှ စေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာ အပေါ် ကမ္ဘာက ဘယ်လောက် စိတ်၀င်စားမှု ရှိသလဲ ဆိုတာကို ဒီညီလာခံ လာတက်တဲ့ ပရိသတ် အနေအထားကို ကြည့်ပြီး သက်သေ ထူသွားနိုင်မှာပါလို့ ဒေါက်တာ ဇော်ဦးက ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ