ပြည်သူ့ ဂုဏ်ရည်ဆုကို NLD ပညာရေး ကွန်ရက်က ဆွတ်ခူး

Image caption NLD ပညာရေးကွန်ရက် အဖွဲ့က ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို အခမဲ့ ပညာဒါန ပေးဝေနေ

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ စုပေါင်း လှူဒါန်းငွေနဲ့ ချီးမြှင့်ပေးနေတဲ့ ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြှင့်ပွဲကို တနင်္လာနေ့ နေ့လည် ၃နာရီ က ရန်ကုန်မြို့ တော်ဝင် နှင်းဆီခြံမှာ ကျင်းပခဲ့ရာမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်က ဆွတ်ခူး ရရှိခဲ့ပါတယ်။

ကချင်ဒေသ၊ ရခိုင်ဒေသတွေမှာ ရှိတဲ့ ဒုက္ခသည် တွေကို ဂီတ အနုပညာ စွမ်းအားနဲ့ ကူညီခဲ့သူ လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့က ကိုရဲလွင်၊ ရေကောင်း ရေသန့် ရရှိရေး နည်းပညာ ဖြန့် ဖြူးပေးနေသူ ကိုသန်းနိုင်နဲ့ ပြည်သူတွေရဲ့အခြေခံ အခွင့်အရေးတွေ တောင်းဆိုသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့လည်း ဒီအဖွဲ့က ပေးအပ်တဲ့ အထူးဆုကို ရရှိခဲ့ပါတယ်။

ပြည်သူ့ ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်တုန်းက နာရေး ကူညီမှုအသင်းက ကိုကျော်သူ ၊ ၂၀၁၁ ခုနှစ်မှာတော့ နိုင်ငံရေး အကျဉ်းသား သံဃာတွေနဲ့ သီလရှင်တွေကို ကူညီပေးခဲ့သူ ဒေါ်ရှုနဲ့ ကချင်ဒေသမှာ လူမှုရေး လုပ်ငန်းတွေကို အသက်စွန့် ဆောင်ရွက်နေသူ လဖိုင် နော်မိန်း တို့ က ရရှိခဲ့ပါတယ်။

ပြည်သူ့ ဂုဏ်ရည်ဆု ကို ဒေါ်လာ တစ်သောင်း ချီးမြှင့်ပြီး အထူးဆုတွေ ကိုတော့ ဒေါ်လာ တစ်ထောင်စီ ချီးမြှင့် ခဲ့ပါတယ်။