ရွေးကောက်ပွဲကြို ဖယ်ဒရယ်ပါတီ ဖွဲ့မယ်

Image caption ပြည်ထောင်စု ဖယ်ဒရယ် ပါတီ ဖွဲ့ဖို့ ကျားဖြူ စတဲ့ ၁၅ပါတီ သဘောတူ

ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား ပါတီ (၁၅) ပါတီ ဟာ ရှမ်းပြည်နယ် တောင်ကြီး မြို့မှာ အင်္ဂါ နေ့က တွေ့ဆုံပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ဆွေးနွေး ခဲ့ကြပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင် အရွေးခံ ခဲ့ကြတဲ့ ညီနောင် တိုင်းရင်းသား ပါတီတွေ ဖြစ်တဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ၊ ချင်းအမျိုးသား ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ အပါအဝင် တိုင်းရင်းသား ပါတီ ၁၅ ပါတီက ဖက်ဒရယ် ပြည်ထောင်စု ပါတီ (Federal Unity Party) ဆိုတဲ့ တိုင်းရင်းသား လူမျိုး တွေကို ကိုယ်စားပြုတဲ့ ပါတီ ထူထောင်ဖို့ အတွက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာပါ။

ဆွေးနွေးပွဲကို တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၅ ပါတီက ခေါင်းဆောင် ၆ဝ နီးပါး ပါဝင် ဆွေးနွေး ခဲ့ကြပြီး ဖယ်ဒရယ် ပြည်ထောင်စု ပါတီ တည်ထောင်ဖို့ သဘောတူကြောင်း ဆုံးဖြတ် ခဲ့ကြပါတယ်။

အခုလို ဖယ်ဒရယ် ပြည်ထောင်စု ပါတီ ထူထောင်ဖို့ ရည်ရွယ် ရခြင်းဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အဓိက ပါတီကြီးတွေ ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တွေနဲ့ ယှဉ်ပြိုင် နိုင်အောင် ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေး ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး စိုင်းတင်က ဘီဘီစီကို ပြောပါတယ်။

တကယ်လို့ မြန်မာနိုင်ငံမှာ PR အချိုးကျ ကိုယ်စားပြု စနစ် ကျင့်သုံးမယ် ဆိုရင် ဖယ်ဒရယ် ပြည်ထောင်စု ပါတီ ဖွဲ့ခြင်းကြောင့် အားသာချက် ရှိမှာ ဖြစ်ပေမယ့် ငွေကြေး အရတော့ အားနည်းချက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးပွဲကို တောင်ကြီးမြို့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ရုံးချုပ်မှာ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ အထိ ၂ ရက်ကြာ ပြုလုပ်မှာ ဖြစ်တယ်။

ဗုဒ္ဓဟူးနေ့ မှာတော့ ပါတီ မူဝါဒ ရေးဆွဲဖို့နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး စိုင်းတင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ