မြန်မာအလုပ်သမား အရေးITUC စိုးရိမ်

burmese_port_worker
ဓာတ်ပုံ ပုံစာ,

မြန်မာ ဆိပ်ကမ်း လုပ်သား

နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် အိုင်တီယူစီက Countries at Risk စိုးရိမ် ရသော နိုင်ငံများ ဆိုတဲ့ နာမည်နဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာ ထဲမှာ နိုင်ငံပေါင်း ၈၇ နိုင်ငံက အလုပ်သမား တွေရဲ့ အခြေအနေ ကို လေ့လာ ရေးသား ထားပြီး အဲဒီအထဲမှာ မြန်မာ၊ ဖီဂျီ၊ ဂျော်ဂျီယာ၊ ဂွါတီမာလာ အပါအဝင် နိုင်ငံ ၇ နိုင်ငံကတော့ extreme risk အလွန် စိုးရိမ်ရတဲ့ နိုင်ငံတွေလို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှု တွေတော့ ရှိခဲ့တယ် လို့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မက်သီရူး ဒီဘရော့်ခ်စ် က ဘီဘီစီ ကိုရှင်းပြ ပါတယ်။ တိုးတက်မှုတွေကတော့ အဖွဲ့ဝင်ပေါင်း ၁ သောင်း ၈ ထောင်လောက်ရှိတဲ့ အလုပ်သမားသမဂ္ဂပေါင်း ၁၃၀ လောက်ပေါ်ပေါက်လာတဲ့အချက်ကို ပြောပါတယ်။ အထူးသဖြင့်ပြီးခဲ့တဲ့ ၂ နှစ် အ တွင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် အိုင်တီယူစီကို မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်ခွင့် ရခဲ့ပါပြီ။ ဒါပေမဲ့ ဖွဲ့ရတာ အခက်အခဲတွေ ရှိနေ၊ ရင်ဆိုင်နေရတုံးပါပဲလို့ ပြောသွားပါတယ်။

အလုပ်သမား အဖွဲ့အစည်းတွေ တရားဝင် ဖွဲ့စည်းနိုင်ဖို့ ဥပဒေ ပေါ်ပေါက်လာတာ ဟာ တိုးတက်တဲ့ အချက် ဆိုတာ ပြောစရာ မလိုလောက်အောင် သိသာပေမယ့် ဥပဒေမှာ ကန့်သတ်ချက် တွေ ရှိနေပါတယ်။ လုပ်ငန်းတခုမှာ ရှိတဲ့ အ လုပ်သမား အရေအတွက်ရဲ့ ၁၀ ရာနှုန်းပါဝင်မှ သမဂ္ဂဖွဲ့ခွင့်ပြုမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးပါ။ အခြေခံဥပဒေမှာကိုက လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်ကို ကန့်သတ်ချုပ်ချယ်တဲ့ ချွင်းချက်တွေ ထည့်သွင်းထားပါသေးတယ်။

ဝန်ကြီးဌာန လေးခုမှာ အစိုးရ ဝန်ထမ်းတွေက အလုပ်သမား သမဂ္ဂဖွဲ့စည်းဖို့ ကြိုးစားတဲ့အခါ အဲဒီလူတွေကို နယ်ပြောင်းပစ်တာမျိုး ရှိခဲ့တယ်လို့ လည်း ဆိုပါတယ်။ ဒါ့အပြင် အလုပ်သမားသမဂ္ဂဖွဲ့စည်းတာကို နှောင့်ယှက် ကန့်ကွက် ဆန့်ကျင်သူတွေ လည်း ရှိနေပါတယ်။ ဒါတွေကို ကာကွယ်ပေးဖို့ ပြောတဲ့ အခါ အလုပ်သမား ဝန်ကြီးဌာနက အဲဒီ အလုပ်သမားတွေမှာလည်း ကန့်ကွက်ခွင့် ရှိတယ်လို့ အကြောင်းပြကြောင်း ပြောပြပါတယ်။ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အခြေအနေ လစာအခြေအနေတွေဟာလည်း အများကြီး တိုးတက်ဖို့လိုသေးတယ်လို့ ပြောပါတယ်။

ဒါတွေကို ဘယ်လို တိုးတက်အောင်လုပ်ယူရမလဲဆိုရင် အလုပ်သမားနဲ့ အလုပ်ရှင်တွေ ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် တိုးတက်မှု ရနိုင်မယ်လို့ သူကဆိုပါတယ်။ အဲသလို ဆွေးနွေမှုတွေဟာ စနေပါပြီ။ ဒီ့ထက်ပိုပြီးဆွေးနွေးမှုတွေရှိလာဖို့ လိုအပ်ပါတယ်လို့ ပြောပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ အလုပ်သမားနဲ့ အလုပ်ရှင်ဆိုတာ အမြဲတန်းနီးနီးကပ်ကပ် ရှိနေလို့ သူတို့ချင်းဆွေးနွေး ရုံနဲ့သာ ပြဿနာတွေ ပြေလည်မယ်ဆိုရင် အလုပ်သမား ပြဿနာရယ်လို့ မရှိအောင် အုပ်ချုပ်ရေး အာဏာပိုင်တွေပါ ဝင်ရောက် ဆွေးနွေးမှုတွေ လည်း လိုပါတယ်လို့ မက်သီရူး ဒီဘရော့်ခ်စ် ကဆိုပါတယ်။