မြန်မာ ရွှေ့ပြောင်းသမားတွေရဲ့ ကျန်းမာရေး ထိုင်းဖြေရှင်းမယ်

Image caption ထိုင်းရောက် မြန်မာတွေ ကျန်းမာရေး ကူညီပေးတော့မယ်

ထိုင်းနိုင်ငံ တာခ်ခရိုင်နယ်စပ် ငါးမြို့နယ်က ဆေးရုံ တွေမှာ မြန်မာနိုင်ငံသားတွေကို ဆေးဝါးကုသ ပေးနေရလို့ ငွေကုန်ကြေးကျ များနေတာကို ထိုင်းကျန်းမာရေး ၀န်ကြီးက ရေတို ရေရှည်နည်းနဲ့ ဖြေ ရှင်း ပေးသွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ တာခ်ခရိုင် နယ်စပ် ငါးမြို့နယ်ဖြစ်တဲ့ မဲဆောက် ၊ အုန်းဖန် ၊ ဖုဖ်ဖရ၊ မဲ့လမတ်နဲ့ ထာ့ဆောင်းယန် မြို့နယ် ဆေးရုံ ငါးရုံဟာ ထိုင်းနယ်စပ်မှာ တရားမ၀င် နေထိုင်တဲ့ မြန်မာနိုင်ငံသား ၃ သိန်း နီးပါးနဲ့ မြန်မာဖက် အခြမ်းက ကူးလာတဲ့ လူနာတွေကိုပါ အခမဲ့ ဆေးဝါး ကုသ ပေးနေရတယ်လို့ ဆိုတယ်။

ဒါကြောင့် ဒီဒေသက ထိုင်းနိုင်ငံသားတွေ အတွက် ထိုင်းအစိုးရ က ချပေးတဲ့ ဘတ်ဂျက် ဘတ်သန်း ၁၀၀ အထဲက တ၀က် ကို အသုံးပြုနေရလို့ တာခ်ခရိုင် ကျန်းမာရေးဌာနက အခက်အခဲ ဖြစ်နေရကြောင်း သိရပါတယ်။

ဒါကလည်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေချိန်မှာ အရင်တုံးက ထိုင်းမြန်မာ နယ်စပ်မှာ အကူအညီ ပေးနေတဲ့ အင်ဂျီအို အတော်များများက မြန်မာနိုင်ငံထဲကို ၀င်သွားတာကြောင့် နယ်စပ်မှာ ကျန်း မာရေး လိုအပ်ချက်ဖြစ်ပြီး၊ လူနာတွေ အရင်ကပိုပြီး ထိုင်းဆေးရုံတွေကို သွားတာကြောင့်လို့ တာခ်ခရိုင် ကျန်းမာရေးဌာနက ဆိုပါတယ်။

နယ်စပ်က ထိုင်းဆေးရုံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးမှာကို ထိုင်းကျန်းမာရေး ၀န်ကြီး ဒေါက်တာ ပရဒစ် စင်ထဝန်နရုန် က သတင်းထောက်တွေကို ပြောကြားရာ အခုလို ကျန်းမာရေး ကိစ္စတွေကို ရေတို အရင်လုပ်ရမယ် ၊ ဒီလူနာတွေလာတဲ့နိုင်ငံရယ် ၊ ထိုင်းနိုင်ငံနဲ့ အလှူရှင်နိုင်ငံတွေ ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီးတော့၊ ဒီလူနာတွေကို ရေတိုဆေးဝါး ကုသပေးဖို့ အရင်လုပ်ရမယ် ၊ ရေရှည်ကတော့၊ အိမ်နီးချင်းနိုင်ငံက သူ့နိုင်ငံအတွင်းမှာ ဆေးရုံတွေ ဆောက်ပြီးတော့ ကျန်းမာရေး စောင့်ရှောင့်မှုတွေကို စိတ်ပါလက်ပါ လုပ်ဖို့ လိုတယ် ၊ အဲဒီအခါ ထိုင်းနိုင်ငံက ဆေးဝါး ကုသမှု နည်းစနစ်ပိုင်းကို ပူးပေါင်း ဆောင်ရွက်ပေးမယ် ၊ အဲဒီမျိုးဆိုရင် ၅ နှစ်အတွင်းမှာ အားလုံးအဆင်ပြေသွားမယ်လို့ ဆိုသွားပါတယ်။

အင်ဂျီအိုတွေ အကူအညီနဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ လူနာတွေကို ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မဲတော် ဆေးခန်း ကတောင် အင်ဂျီအိုတွေဆီကရတဲ့ အကူအညီတွေ လျှော့နည်းသွားလို့ အခက်အခဲတွေကို နည်းမျိုးစုံနဲ့ ကျော်နေလွှားနေရကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ