RCSS/SSA နဲ့ SNLD ရန်ကုန်မှာတွေ့

ssa
Image caption နိုင်ငံရေး ဆွေးနွေးပွဲ အမြန်စဖို့ အရေးကြီး

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရောက်ရှိ နေတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် (SNLD) တို့ ရန်ကုန်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ကြ ပါတယ်။

SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ဒု-ဥက္ကဋ္ဌ စိုင်းစောအောင်၊ အတွင်းရေးမှူး စိုင်းညွန့်လွင် တို့နဲ့ RCSS/SSA က ဒုဗိုလ်ချုပ်ကြီး ယွက်စစ် တို့ အဖွဲ့ မရမ်းကုန်း မြို့နယ်က ခွန်ထွန်းဦး နေအိမ်မှာ တွေ့ဆုံ ခဲ့ပါတယ်။

နှစ်ပေါင်း ၅ဝ ကျော်ကြာ လက်နက်ကိုင် တော်လှန်တဲ့ ရှမ်း လက်နက်ကိုင် အဖွဲ့ နဲ့ ပြည်တွင်း နိုင်ငံရေး အဖွဲ့အစည်း တခု ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။

ပထမဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်ပေမယ့် ရှမ်း လူထု အတွက် လုပ်လိုတဲ့ ရည်မှန်းချက် တူညီနေ တာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံရေး မှာ အတူ လက်တွဲ လုပ်ဆောင်လို တဲ့ ဆန္ဒ ရှိကြပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ အမြန်စဖို့၊ ရှမ်းတပ်မတော် နှစ်ဖွဲ့က တပ်သားတွေ အပါအဝင် အကျဉ်းကျ နေတဲ့ နိုင်ငံရေး အကျဉ်းသား တွေ အမြန် လွတ်ဖို့၊ သန်းခေါင် စာရင်း ကောက်ချိန်မှာ ပြည်ပရောက် ရှမ်းလူမျိုး တွေကို မှန်မှန်ကန်ကန် ထည့်သွင်း ကောက်ခံဖို့ အရေးကြီး ကြောင်း ဆွေးနွေး ခဲ့ကြ ပါတယ်။

တွေ့ဆုံပွဲမှာ အဲဒီ ကိစ္စရပ်တွေ ပူးပေါင်း လုပ်ဆောင် သွားဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ SNLD ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။

ပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူ ထားကြ ပေမယ့် အသေးစိတ် လုပ်ငန်းစဉ် ကိုတော့ မရေးဆွဲရ သေးဘူး လို့လဲ စိုင်းလိတ်က ဆိုပါတယ်။

RCSS/SSA နဲ့ အစိုးရ ဆွေးနွေးပွဲမှာ တိကျတဲ့ ကတိကဝတ် ရဖို့၊ နှစ်ဘက် ယုံကြည်မှု ရှိကြဖို့ အရေးကြီးပြီး နိုင်ငံရေး ဆွေးနွေးမှု မရှိဘဲ ကြိုတင် လက်မှတ် ထိုးတာတွေ မလုပ်ဖို့ အရေးကြီးကြောင်း စိုင်းလိတ်က ပြောပြပါတယ်။

နောက်နေ့ တွေမှာ RCSS/SSA နဲ့ တခြား တိုင်းရင်းသား အဖွဲ့အစည်း တွေ တွေ့ဖို့ ရှိတယ်လို့လဲ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ