ဝန်ကြီး ဌာနတွေ လူ့အခွင့် အရေး သိဖို့ အရေးကြီး

UN Human Rughts Council
Image caption ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီ အစည်း အဝေး တစ်ခု ကျင်းပစဉ်

ကမ္ဘာ့ လူ့အခွင့် အရေး ကြေညာ စာတမ်းမှာ ပြဌာန်း ထားတဲ့ အချက်တွေကို လူ့ အခွင့် အရေး အသိ ပညာ ပေးနိုင်မယ့် ဌာနတွေ၊ လူ့အခွင့် အရေး ထိန်းသိမ်းဖို့ လိုအပ်တဲ့ ဌာနတွေ သိဖို့ အရေး ကြီးတယ်လို့ မြန်မာ အခွင့် အရေး ကော်မရှင်က ပြောပါတယ်။

အထူး သဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပညာရေး ဝန်ကြီးဌာနက ကလေးတွေကို ပညာ သင်ကြား ပေးနေတဲ့ ဆရာ ဆရာမတွေ ကို ဖြန့်ဝေ ပေးဖို့ လိုတယ်လို့ လူ့ အခွင့် အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ကာကွယ်ရေး ဝန်ကြီး ဌာနကို အုပ်ရေ ငါးထောင် ဖြန့်ဝေ ပေးမယ်လို့ သူက ပြောပါတယ်။

မြန်မာ ဘာသာ ပြန်ဆို ထားတဲ့ ကမ္ဘာ့ လူ့ အခွင့် အရေး ကြေညာ စာတမ်းကို မြန်မာ နိုင်ငံ အမျိုးသား လူ့ အခွင့် အရေး ကော်မရှင်က အစိုးရ ဝန်ကြီး ဌာနတွေ၊ လွှတ်တော် နှစ်ရပ်နဲ့ အရပ်ဘက် လူ့ အဖွဲ့ အစည်း တွေကို ဖြန့်ဝေ ထားပါတယ်။

လူ့ အခွင့် အရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ များများ သိဖို့ လိုအပ်တဲ့ အတွက် ပြည်နယ်၊ တိုင်းနဲ့ ခရိုင်၊ မြို့နယ် အဆင့် အထိ စာကြည့်တိုက်တွေ ဖွင့်လှစ် ထားရှိတဲ့ ပြန်ကြားရေး ဝန်ကြီး ဌာန အနေနဲ့ အများပြည်သူ ဖတ်ရှုနိုင်အောင် အဲဒီ စာကြည့်တိုက်တွေ ကနေ တဆင့် ဆောင်ရွက်ပြီး ပြည်သူတွေ အသိဉာဏ် တိုးပွားအောင် လုပ်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အသိ ပညာ ပေးတဲ့ နေရာမှာ အရပ်သား လူ့ အဖွဲ့ အစည်းတွေရဲ့ အကူ အညီလည်း လိုအပ်တယ်လို့ ဆိုပါတယ်။

လူ့အခွင့် အရေး ဆိုင်ရာ တာဝန် ရှိသူတွေရဲ့ အသိပညာ ပိုမို မြင့်မား လာစေဖို့ လောလောဆယ် ဘာသာပြန် စာအုပ် လေးထောင် ကျော် ဖြန့်ဝေ ထားပြီး နောက်ထပ် လူ့ အခွင့် အရေး စာအုပ် တစ်သိန်း အထိလည်း ဆက် ဖြန့်ဖို့ ရှိတယ်လို့ ဦးစစ်မြိုင်က ပြော ပါတယ်။

အစိုးရ ဌာနတွေ အနေနဲ့ လူ့ အခွင့် အရေး ဆိုင်ရာတွေကို လေးစား လိုက်နာဖို့၊ ပြည်သူ လူထု လိုလား သလို ပွင့်လင်း မြင်သာမှု ရှိဖို့ နဲ့ တရားဥပဒေ စိုးမိုးရေး ရှိဖို့ စတာတွေ အရေးတကြီး လိုအပ်တယ်လို့ လည်း ဦးစစ်မြိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ