ခရိုင်အဆင့်ထိ ရဲတွေ စစ်ဆေးခံနေရ

Burma Opium
Image caption မြန်မာ အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ် နေပေမဲ့ ပပျောက်မှု မရှိသေး

စစ်ကိုင်းတိုင်း ကလေး ခရိုင်နဲ့ တမူး မြို့နယ် အတွင်း မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ်မှု တွေမှာ နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်တွေ ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ တိုင်ကြားချက် တွေကြောင့် နေပြည်တော် က အထူး ရဲတပ်ဖွဲ့တွေ ဆင်းလာပြီး စုံစမ်း စစ်ဆေး အရေးယူမှုတွေ လုပ်နေ ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့တို့က ရဲစခန်း တွေကို နေပြည်တော် ရဲချုပ်ရုံးက အထူး စေလွှတ်တဲ့ ရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ ရာမှာ မှောင်ခို လုပ်ငန်း တွေမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိတဲ့ ရဲအရာရှိ တွေကို အထူး ခုံရုံးဖွဲ့ စစ်ဆေး နေပါတယ်။

ကလေးမြို့မှာ အထူး စုံစမ်း စစ်ဆေးနေ မှုတွေ၊ အရေးယူတာတွေ ရှိပေမယ့် ဘာတွေ အတွက် ဘယ်လို အရေး ယူတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ်မှု ကိစ္စတွေဟာ အခုမှ ဒီဒေသတွင်းမှာ ဖြစ်တာ မဟုတ်ဘဲ အရင် အချိန် အတန်ကြာ ကတည်းက ဖြစ်နေခဲ့တာ ဖြစ်တယ်၊ ဒေသခံတွေ အနေနဲ့ သတင်း အစ အန သိရင်တောင် ရဲကို မတိုင်ကြားရဲတဲ့ အခြေ အနေရှိနေ ခဲ့တာ ကြာပြီလို့ အဲဒီ ဒေသခံကပဲ ပြောပါတယ်။

ကလေး ခရိုင် ရဲတပ်ဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ရဲမှူးကြီး ဦးသိန်းဝင်း ကတော့ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေကို လိုင်စင်မဲ့ ကားတွေနဲ့ သယ်ယူနေတာ ရှိတယ် ဆိုတဲ့ သတင်းတွေကြောင့် စုံစမ်း အရေးယူနေတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကလေးနဲ့ တမူးပတ်၀န်းကျင်က ရဲအရာရှိတွေကို စစ်ဆေး အရေးယူမှုတွေ ကို ခုံရုံးဖွဲ့ စစ်ဆေးနေတာ ဖြစ်ပြီး ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးက ရဲအုပ် တစ်ယောက်၊ ရဲစခန်း နယ်ထိန်း အရာရှိနဲ့ စခန်းမှူး တစ်ယောက်တို့ ပါဝင်တယ်လို့ ဒုတိယ ရဲမှူးကြီး ဦးသိန်းဝင်းက ပြောပါတယ်။

ကလေး ခရိုင်နဲ့ အိန္ဒိယ မြန်မာ နယ်စပ် တမူး မြို့နယ် တွေမှာ မူးယစ် ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ် မှုတွေ မကြာ ခဏ ဖမ်းဆီး ရမိခဲ့ရာမှာ ပြည်သူ့ဝန်ထမ်းတချို့ ပါဝင် ပတ်သက် ခဲ့တာ ရှိပါတယ်။

အခု နှစ်ဆန်း ဖေဖေါ်ဝါရီလ တုန်းက တမူး မြို့ပေါ်မှာ ရှိတဲ့ တရားရေး ဝန်ထမ်း တစ်ယောက်ရဲ့ အိမ်မှာ ငွေကျပ် သိန်းပေါင်း သန်းနဲ့ ချီတဲ့ လက်နက်နဲ့ မူးယစ်ဆေး ဝါးတွေ ဖမ်းဆီး ရခဲ့သလို ဒီလဆန်းပိုင်း ကလည်း ကလေး ဇက်ကူးတို့ဆိပ်မှာ မြို့နယ် ရဲမှူးရဲ့ ကားပေါ် ကနေ မူးယစ် ဆေးဝါး တွေနဲ့ တရားမဝင် သစ်တောထွက် ပစ္စည်းတွေ ဖမ်းဆီး ရမိ ခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ