ကေအင်ပီပီနဲ့ အစိုးရ ငြိမ်းအဖွဲ့ ၈ ချက် သဘောတူ

လွိုင်ကော်က KNPPနဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးပွဲ
ဓာတ်ပုံ ပုံစာ,

လွိုင်ကော်က KNPPနဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးပွဲ

KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ကြား ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအပြီး ဒီကနေ့မှာအချက် ၈ ချက်ပါတဲ့ နှစ်ဖက် သဘောတူညီ ချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သဘောတူခဲ့ကြတဲ့ အချက်တွေထဲမှာ နှစ် ဖက် တပ်တွေရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ကြီးကြပ်ရေး အဖွဲ့တွေ ထားရှိဖို့၊ နေရာစွန့်ခွာထွက်ပြေးခဲ့ကြသူတွေကို ပြန်လည်နေရာချထားရေး၊ မြေမြုပ်မိုင်းရှင်းလင်းရေး၊ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေပါဝင်တယ်လို့ KNPP ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင် ဒုတိယဥက္ကဌ ခူးဦးရယ် က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ဒေသတွင်း လုပ်မယ့် အကြီးစားစီမံကိန်းတွေနဲ့ပတ်သက်ပြီး ကို ဒေသခံ လူထုရဲ့ သဘောထားနဲ့ လုပ်ဖို့ကိုလည်း ချပြခဲ့တယ်လို့ ပြောပါတယ်။

တပ်ဖွဲ့တွေနေရာချထားရေးကို ဆက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ကရင်နီဒေသ ကယားပြည်နယ်ဘက်မှာ အပစ်အခတ်ရပ်စဲရေး ပဏာမ အဆင့်နောက်ပိုင်း အခု တနှစ်နဲ့သုံးလကြာကာလအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့တာ မရှိဘူးလို့ သူက ပြောပါတယ်။

KNPP ဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ဖြစ်လို့ UNFC မူနဲ့ ဆက်သွယ်လို့ KNPPဒုတိယဥက္ကဌ ခူးဦးရယ် က ပြောခဲ့ပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကိုတော့ သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ခေါင်းဆောင်ပြီး ကယားပြည်နယ်လွိုင်ကော်မြို့မှာ မနေ့ကစပြီး နှစ်ရက်ကြာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။