ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီ စာရင်းထုတ်ပြန်

Burma Telecom
Image caption ကိုယ်ပိုင် တယ်လီဖုန်း မသုံးနိုင်သူ တွေ ဒီလို ဆိုင် တွေမှာ လာသုံး

မြန်မာ နိုင်ငံရဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေ မှာ လာရောက် လုပ်ကိုင်ခွင့် ရဖို့ လျှောက်ထား ကြတဲ့ ကုမ္ပဏီတွေ ထဲမှာ နော်ဝေ နိုင်ငံက တယ်လီနော Telenor ကုမ္ပဏီနဲ့ ကာတာ နိုင်ငံက အူရီဒူး Ooredoo ကုမ္ပဏီ တို့ကို တင်ဒါ စိစစ် ရွေးချယ်ရေး အဖွဲ့က ရွေးချယ်လိုက် ပါတယ်။

ကမ္ဘာပေါ်က ဆက်သွယ်ရေး ဆိုင်ရာ ဘယ်ကုမ္ပဏီကြီး တွေမှ မဝင်ရ သေးတဲ့ အကျိုး အမြတ် အများကြီး ရနိုင်တဲ့ မြန်မာ နိုင်ငံ စျေးကွက်သစ် ထဲကို ဝင်ခွင့် ရဖို့ အတွက် ကုမ္ပဏီကြီး ၉၀ကျော် လျှောက်ထား ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန်ကာတင် ရွေးချယ် ခံရတဲ့ ကုမ္ပဏီ ၁၂ ခု ရှိခဲ့ပြီး Vodafone and China Mobile ကုမ္ပဏီ ကတော့ ပြီးခဲ့တဲ့ လကုန်ပိုင်း ကပဲ ပါဝင် ယှဉ်ပြိုင်မှု ကနေ နုတ်ထွက် သွားခဲ့ ပါတယ်။

တယ်လီနော ကုမ္ပဏီ အနေနဲ့ ငါးနှစ်အတွင်း မြန်မာ တစ်နိုင်ငံ လုံးကို မိုဘိုင်းလ် ကွန်ယက်တွေ ဖြန့်ကျက် နိုင်အောင် စီစဉ်ထားပြီး အသံနဲ့ ဒေတာ အပါအဝင် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု တွေကို ၂၀၁၄ ခုနှစ်မှာ ပြည်သူတွေ အသုံးပြု နိုင်အောင် စတင် ဖြန့်ဖြူး ရောင်းချ သွားမယ်လို့ တယ်လီနော ကုမ္ပဏီက ထုတ်ပြန် ကြေညာထား ပါတယ်။

လောလောဆယ်မှာ မြန်မာ နိုင်ငံသား ဆယ်ယောက်မှာ တစ်ယောက်တောင် မရှိပါဘူး။

ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ နှစ်ခု က လာရောက် ရင်းနှီး မြှုပ်နှံတဲ့ အတွက် မြန်မာ့ ဆက်သွယ်ရေး စနစ် တိုးတက် ပြောင်းလဲ သွားလိမ့်မယ်လို့ မြန်မာ ICT For Development Organisation (MIOD)ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုနေဘုန်းလတ်က ပြောပါတယ်။

အခြေခံ အဆောက် အဦတွေ ပြန်လည် တာ်ဆောက်ဖို့ လိုအပ်နေတဲ့ မြန်မာ နိုင်ငံမှာ လာရောက် လုပ်ကိုင်မယ့် အဲဒီ ကုမ္ပဏီတွေ အနေနဲ့ အခက်အခဲတွေ ရှိမယ်၊ အချိန်ယူ ဆောင်ရွက်ရလိမ့်မယ်လို့လည်း သူက ပြော ပါတယ်။

ဘာဝန်ဆောင် မှုတွေ ပေးမလဲ

အရွေး ခံလိုက်ရတဲ့ တယ်လီနော နဲ့ အူးရီဒူး ကုမ္ပဏီတို့ဟာ ဆက်သွယ်ရေး လုပ်ငန်း တွေနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ အကြီးဆုံး ကုမ္ပဏီ ကြီးတွေ ထဲပါဝင် ပါတယ်။

နော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီကြီးဟာ အော်စလိုမြို့က စတော့ ရှယ်ယာ ဈေးကွက်မှာ ထိပ်ဆုံးက ကုမ္ပဏီ ၃ ခု ထဲက တခု ဖြစ်ပါတယ်။

၁၈၅၅ ခုနှစ် ကထည်းက စတင် ခဲ့တာ ဖြစ်လို့ သက်တမ်းနဲ့ အတွေ့အကြုံ ပိုင်း မှာတော့ တော်တော်ရင့် နေပြီလို့ ဆိုနိုင်ပါတယ်။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ စကင် ဒီနေဗီးယား ဒေသတွင်း နိုင်ငံတွေ၊ ဥရောပက နိုင်ငံတွေ သာမကဘဲ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယနဲ့ ပါကစ္စတန် တို့လို ဒေသတွင်းက နိုင်ငံတွေ မှာပါ ဆက်သွယ်ရေး လုပ်ငန်း တွေကို တွင်တွင် ကျယ်ကျယ် လုပ်ကိုင် လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တယ်လီနောဟာ နော်ဝေ နိုင်ငံ အတွင်းမှာ ရုပ်သံလိုင်း တွေကိုလည်း ထုတ်လွှင့် ပေးနေ ပါတယ်။

သူတို့ရဲ့ ကန်နယ်လ် ဒစ်ဂျစ်တယ်လ် ဆိုတာကလည်း အဲဒီ နော်ဒစ် ဒေသတွင်းမှာလည်း ဒေသတွင်းနဲ့ နိုင်ငံတကာက ရုပ်သံလိုင်းမျိုးစုံကို နည်းပညာ မျိုးစုံသုံးပြီး ထုတ်လွှင့် ဖြန့်ဝေ ပေးနေတာပါ။

တယ်လီနောနဲ့ အတူ အရွေး ခံရတဲ့ အူရီဒူး ကုမ္ပဏီ ကတော့ ကာတာ နိုင်ငံကပါ။

အူရီဒူး ဆိုတာက ကာတာ တယ်လီကွမ်း ကုမ္ပဏီ က အရင်က သူတို့ သုံးခဲ့တဲ့ Q TEL ဆိုတဲ့ နာမည် နေရာမှာ အစားထိုး ထားတာ ဖြစ်ပြီး သူတို့ အာရပ် ဘာသာ စကားနဲ့ ဆိုရင် I Want လိုချင်တယ် ဆန္ဒရှိတယ်လို့ အဓိပ္ပါယ် ရပါတယ်။

အူရီဒူးဟာ မိုဘိုင်းဖုန်း ဝန်ဆောင်မှု၊ ဝိုင်ယာ နဲ့ရော ဝိုင်ယာလက်စ် နဲ့ရော ဆက်သွယ်ရေး နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ အကုန် လုပ်ပေးနေတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဝန်ဆောင်မှု တွေထဲမှာ အရှေ့ အလယ်ပိုင်းမှာ သုံးနေကြတဲ့ DVB-H ဆိုတဲ့ မိုဘိုင်းဖုန်း ကနေ ရုပ်သံ လွှင့်ပေးတဲ့ လုပ်ငန်း အရ နာမည်ကြီး သတင်းဌာန တွေ ဖြစ်ကြတဲ့ အယ်ဂျာဇီးရား၊ စီအန်အန်၊ စီအန်ဘီစီတို့ အားလုံးကို ကြည့်လို့ ရပါတယ်။

အင်တာနက် ဝန်ဆောင်မှုပိုင်းမှာလည်း အူရီဒူးဟာ ပျှမ်းမျှ တစက္ကန့်ကို ၁. ၃ မက်ဂါဘိုက် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းက လုပ်ငန်းနဲ့ အဖွဲ့ အစည်းတွေ အတွက် လုပ်ငန်းသုံး မိုဘိုင်း ရေဒီယို စနစ် ကိုလည်း ဝန်ဆောင်မှု ပေးထား ပါတယ်။

အရှေ့ အလယ်ပိုင်း ဒေသတွင်းက နိုင်ငံတွေ ထဲမှာ ဒစ်ဂျစ်တယ် ဗီဒီယို ထုတ်လွှင့်မှု တွေကို ပထမဆုံး စနိုင် ခဲ့တာ ကလည်း ကာတာ နိုင်ငံမှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ လတုန်းကတော့ အူရီဒူးဟာ ကာတာမှာ ပထမဆုံး 4G LTE ဆက်သွယ်ရေး ဝန်ဆောင်မှုကို စနိုင်ခဲ့ပြီးကြောင်း ကြေညာခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ