အက်ဖ်အီးစီ မနေ့က ဇတ်သိမ်းခန်း တိုင်သွားခဲ့ပြီ

Image caption မနေ့က နောက်ဆုံးထားပြီး အက်ဖ်အီးစီကို ဒေါ်လာနဲ့ ဖြစ်ဖြစ် ကျပ်နဲ့ ဖြစ်ဖြစ် နောက်ဆုံးထား လဲခွင့်ပြု

မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကစပြီး နှစ် ၂ဝ ကြာ အမေရိကန် ဒေါ်လာ အစား သုံးခဲ့တဲ့ အက်ဖ်အီးစီကို အသုံးပြုခွင့် ပေးခဲ့တာဟာ မနေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တစ်ရက်နေ့ကစပြီး ဇွန် ၃ဝ ရက်နေ့အထိ အက်ဖ်အီးစီ ကို အမေရိကန် ဒေါ်လာနဲ့ဖြစ်စေ မြန်မာကျပ်ငွေနဲ့ ဖြစ်စေ လဲလှယ် ခွင့်ပြုခဲ့ပါတယ်။

အက်ဖ်အီးစီ တဒေါ်လာကို အမေရိကန် တဒေါ်လာနဲ့ လဲပေးတဲ့ အတွက် ပြည်သူတွေမှာ ထိခိုက် နစ်နာမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အများအားဖြင့် ပြည်သူတွေဟာ အက်ဖ်အီးစီကို Deposite တင်ပြီး သူတို့ရဲ့ အမေရိကန် ဒေါ်လာ Account ထဲကို ထည့်ကြတယ်လို့ ပြောပါတယ်။

စနေ၊ တနင်္ဂနွေနေ့က ဘဏ် ပိတ်တဲ့အတွက် အက်ဖ်အီးစီ လဲခွင့်ပေးခဲ့တာ မနေ့တုန်းက နောက်ဆုံးနေ့ဖြစ်ပါတယ်။

နောက်ပိုင်း လဲမယ့်သူတွေက ၂ဝ၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး အကျိုးသင့် အကြောင်းသင့် တင်ပြရမယ်လို့ ဗဟိုဘဏ်က သတ်မှတ် ထားပါတယ်။

အက်ဖ်အီးစီကို အစိုးရက ပြန်လဲပေးတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ် နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနက ညွှန်ကြားရေးမှူး ဒေါ်နော်အဲဖေါကို ဘီဘီစီက ဆက်သွယ်မေးထားတဲ့ အခါ ဇွန်လ ၂၇ ရက်နေ့အထိ အက်ဖ်အီစီ သန်း ၂ဝ ကျော်လဲနိုင်ခဲ့ပြီးလို့ သူက ပြောပါတယ်။

လူတွေရဲ့ လက်ထဲမှာ အက်ဖ်အီးစီ လေးသန်းလောက် ကျန်ရှိ နိုင်ပြီး အဲဒီ ငွေတွေကို သတ်မှတ်ချိန် အတွင်း လာရောက်ကာ အကျိုးကြောင်းပြ လဲလှယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ