မိုဘိုင်းဖုန်း မြန်မြန် သုံးနိုင်အောင် လုပ်မယ်လို့ Telenor ပြော

Image caption မြန်မာ နိုင်ငံမှာ ဆက်သွယ်ရေး လိုင်စင် ရသွားတဲ့ နော်ဝေက တယ်လီနော ကုမ္ပဏီ အမှတ်တံဆိပ်

မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပြည်ပက ကုမ္ပဏီ ၂ ခုကို တင်ဒါ စိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တဲ့ အထဲမှာ နော်ဝေးနိုင်ငံက တယ်လီနော ကုမ္ပဏီလည်း ပါဝင်ပါတယ်။

ဒီ တယ်လီနော ကုမ္ပဏီ အနေနဲ့ အခုလိုင်စင် ရရှိပြီးနောက်မှာ ဘာတွေ ဆက်ပြီးလုပ်သွားကြမလဲ ဆိုတာကို အဲဒီ တယ်လီနော ကုမ္ပဏီက အာရှဒေသတွင်း ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Glenn Mandelid ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ ပထမ အဆင့်အနေနဲ့ ဒီလိုင်စင် အတွက် လိုအပ် တာတွေကို မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တချိန်ထဲမှာ မြန်မာ ပြည်သူတွေ မိုဘိုင်းဖုန်း တွေ အမြန်ဆုံး သုံးစွဲ နိုင်အောင် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မြန်နိုင်သမျှ မြန်မြန် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

အဲဒီအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဝန်ထမ်း ခေါ်ယူ ခန့်ထားမှုတွေကို လုပ်မှာဖြစ်ပြီး ဝန်ထမ်း အများစုကလည်း ပြည်တွင်း ထဲကပဲ ဖြစ်မှာပါလို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံတွင်းမှာ မိုဘိုင်းဖုန်းတွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲ သွားနိုင်အောင် လုပ်ဖို့ကို ရည်ရွယ်ထားတဲ့ အတွက် စျေးနှုန်းတွေ ကျလာမှာပါလို့ သူက ပြောပါတယ်။

အခုလက်ရှိ ပေးဆောင်နေရတဲ့ ဝန်ဆောင်မှု စျေးနှုန်းတွေထက်ကို အများကြီး ပိုပြီးသက်သာ သွားမှာဖြစ်ပြီးတော့ တယ်လီနော အနေနဲ့ အာရှဈေးကွက်ထဲမှာ လုပ်ကိုင်လည်ပတ် နေခဲ့တာဟာ ၁၅ နှစ် ရှိနေပြီ ဖြစ်လို့ အတွေ့အကြုံ တော်တော် ရှိနေပါပြီလို့ မစ္စတာ မန်ဒီလစ်ဒ့်က ဆိုပါတယ်။

အာရှ ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းဟာ ကြိုတင် ငွေဖြည့် စနစ်နဲ့ ထပ်ပြီး ငွေထပ်ဖြည့်တဲ့ စနစ် မျိုးတွေကိုသာ အသုံးများတဲ့ အတွက်ကြောင့် ဒီလို စနစ်တွေကို လူတိုင်း သုံးစွဲနိုင်အောင်လို့ ဘယ်လို လုပ်ရမလဲ ဆိုတာကို သူတို့ အနေနဲ့ နားလည်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကနဦး ဘယ်လောက်လဲ ဆိုတာ အတိအကျ ပြောဖို့ ခက်ပြီး မိုဘိုင်းဖုန်း ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီ တိုင်းကတော့ ရင်းနှီးမြှုပ်နှံမှုကို တော်တော် ထည့်ရမှာ ဖြစ်သလို ဝန်ဆောင်မှုတွေ ပေးဖို့ လိုအပ်တဲ့ ကွန်ယက် တည်ဆောက်မှု၊ ဖြန့်ဖြူးမှု နဲ့ ဈေးကွက်ထဲ ထိုးဖောက်ဖို့တွေ အတွက် လုပ်ရမှာပါလို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေတွေ လက်ရှိ အချိန်မှာက မရှိသေးတော့ နောက်ပိုင်း ပြဌာန်း လာတဲ့ အခါမှာရော အဲဒီအပေါ်မှာ ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတဲ့ ဘီဘီစီရဲ့ မေးမြန်းချက်ကို သူက ပြန်လည် ဖြေကြားရာမှာ ဘယ်နိုင်ငံမှာပဲ လုပ်ငန်း လုပ်လုပ် အဲဒီ နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်တဲ့ အကြောင်း ၊ ပြည်ပကနေ လာပြီး ရင်းနှီးမြှုပ်နှံသူ ဖြစ်တဲ့အတွက် မြန်မာ နိုင်ငံအတွင်း ရေရှည်မှာပါ တည်တည် တန့်တန့်ရှိနေအောင် အာမခံ ပေးနိုင်မယ့် ဥပဒေ တခု ရှိနေစေချင်ပါတယ်လို့ သူ့သဘောကို ပြောကြားခဲ့ပါတယ်။

အဲဒါကြောင့်လည်း တကယ်လို့ မြန်မာဘက်ကနေ ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဥပဒေ ရေးဆွဲ ပြဌာန်းရေးမှာ အကူအညီ လိုမယ်ဆိုရင်လည်း ပူးပေါင်း ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ တယ်လီနော ကုမ္ပဏီက အာရှဒေသတွင်း ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Glenn Mandelid က ဆိုသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ