အဆင့်မြင့် ပညာရေး ပြုပြင်ဖို့ ဆွေးနွေးဖလှယ်

Image caption အဆင့်မြင့် ပညာရေး ဆွေးနွေးပွဲကို ဗြိတိသျှ ကောင်စီက ကြီးမှူး ကျင်းပ

မြန်မာနိုင်ငံမှာ ကိုယ်ပိုင် ပြဌာန်းခွင့်ရ တက္ကသိုလ် ဖြစ်ဖို့နဲ့ အားလုံး ပါဝင်နိုင်တဲ့ ပညာရေးမျိုး ဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပြု တင်ပြလိုက်ပါတယ်။

ဗြိတိသျှ ကောင်စီက ကြီးမှူးပြီး နေပြည်တော်မှာ ၂ရက်ကြာ ကျင်းပတဲ့ အဆင့်ပညာရေး ပြုပြင် ပြောင်းလဲရေး နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို တင်ပြ ပြောဆိုသွားတာပါ။

ဒီဆွေးနွေးပွဲကို ပညာရေး ဒုတိယ ဝန်ကြီး ဒေါက်တာ မျိုးမြင့်နဲ့ အစိုးရ ပညာရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ပညာရေး ဆိုင်ရာ NGO အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

တက္ကသိုလ် ဥပဒေ ပြဌာန်းနိုင်ဖို့အတွက် ပြည်သူ့ လွှတ်တော်မှာ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပြီး အမျိုးသား ပညာရေး ဥပဒေ ပြဌာန်းနိုင်ဖို့ကိုလည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တက္ကသိုလ် ဥပဒေကို ပြဌာန်းတဲ့အခါမှာ ပညာရေးနဲ့ သက်ဆိုင်သူ အားလုံး ပါဝင်နိုင်ဖို့နဲ့ တက္ကသိုလ် ပညာရေးကို မပြဌာန်းခင်မှာ ပြည်သူ လူထုကို ချပြဖို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပြုခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက်က ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မျိုးမြင့်က ဝန်ကြီးဌာန လုပ်နေတဲ့ လုပ်ငန်းတွေ အကြောင်းကိုပဲ အလေးထား ပြောသွားပေမယ့် ပညာရေး ဝန်ကြီးဌာနအောက်က CERS ပညာရေး လေ့လာမှု အဖွဲ့က သြစတြေးလျ ပါမောက္ခ ကတော့ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေဟာ ဗဟိုချုပ်ကိုင်မှု တင်းကြပ်လွန်းတယ်၊ တက္ကသိုလ် ကောင်စီမှာ ဘာလုပ်ငန်းဆိုတာ ကွဲကွဲပြားပြား တိတိကျကျ မရှိဘူး စသဖြင့် လက်ရှိ တက္ကသိုလ်တွေရဲ့ အားနည်းချက်တွေကို ထောက်ပြ ပြောဆိုသွားတယ်လို့ ဒေါက်တာ သိန်းလွင်က ဘီဘီစီကို ပြောပါတယ်။