ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ သိလျက် မဖော်ထုတ်

naypyidaw
Image caption နေပြည်တော်က ပြည်သူ့လွှတ်တော် အဆောက်အဦ

ပြီးခဲ့တဲ့ ဇန္နဝါရီလ အတွင်းက အင်တာနက် စာမျက်နှာမှာ ဥပဒေ အထက်တွင် လွှတ်တော်ရှိ နေသလားဆိုတဲ့ ဆောင်းပါးနဲ့ ဝေဖန်ခဲ့သူ ဆောင်းပါးရှင် ဒေါက်တာဆိတ်ဖွား ဟာ ဘယ်သူလည်း ဆိုတဲ့ ပဟေဠိ ကို စုံစမ်း ဖေါ်ထုတ် ဖို့ ဖွဲ့စည်းပေးထားတဲ့ လွှတ်တော် ကော်မရှင် က ပထမ အကြိမ် လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးမှာ ကြေညာမယ် လို့ ဇွန်လ က ပြောခဲ့ပါတယ်။

ဒါပေမယ့် မနေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် မှာ ဒီကိစ္စ အဆုံးသတ်လိုက်ပါပြီ။ ဒေါက်တာ ဆိတ်ဖွား လို့ စွပ်စွဲခံရသူတွေ အထဲမှာ ပါဝင်တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က သူဟာ နာမည် အရင်းနဲ့သာ ဖေ့စ်ဘုတ် မှာ ရေးသားတာ ကို လူတိုင်းသိပြီး ဖြစ်ကြောင်း၊ ကိုယ်ယုံကြည်တာ ကို ရေးတဲ့ကိစ္စ မှာ နာမည်ဝှက် သုံးစရာ မလိုပုံ၊ မတ်လ ၂၂ ရက်နေ့ နောက်ပိုင်း မှာ တကြိမ်သာ ခေါ်ယူ မေးမြန်းပြီး နောက်ထပ် ခေါ်ယူခြင်း မရှိတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဒေါက်တာဆိတ်ဖွား ကို ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ပြီး အရေးယူဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင် က ဖေဖေါ်ဝါရီ လ က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ အဆိုတရပ် တင်သွင်းခဲ့တာပါ။

ဒေါက်တာဆိတ်ဖွား ကိုဖေါ်ထုတ်နိုင်ဖို့ အစိုးရ ဝန်ကြီးဌာန တွေ က အကြီးတန်း အရာရှိတွေ နဲ့ ပုဂ္ဂလိက သတင်းဂျာနယ်တွေ က အယ်ဒီတာ ၇ ဦး ကိုလည်း ခေါ်ယူ စစ်ဆေးခဲ့ပါသေးတယ်။ အခုလို ဖြစ်ပျက်မှု အပေါ်မှာ လွှတ်တော် ကို စာနယ်ဇင်းသမားတွေ ဝေဖန်မှု မပြုနိုင် အောင် ပြုတဲ့ အသွင်ဆောင်ကြောင်း နိုင်ငံရေး အကဲခတ်တွေ က ရှုမြင်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ