UWSA နဲ့ အစိုးရ စစ်တပ် စစ်ရေးတင်းမာ

wa
Image caption ရှမ်းအရှေ့မှာ ဝ နဲ့ စစ်ရေး တင်းမာနေ

ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက် နေတဲ့ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နဲ့ အစိုးရ စစ်တပ်တို့ အကြားမှာ တပ်စခန်း နေရာကိစ္စနဲ့ ပတ်သက်ပြီး စစ်ရေး တင်းမာမှု ဖြစ်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည် တောင်ပိုင်း မိုင်းတုံ မြို့နယ်မှာ အခြေစိုက် နေတဲ့ UWSA ရဲ့ စစ်ဒေသ အမှတ် (၁၇၁) ရဲ့ လက်အောက်ခံ တပ်စခန်း တွေကို ဖယ်ရှား ပေးပါ ဆိုပြီး အစိုးရ စစ်တပ်က ညွှန်ကြား ရာမှာ ဝ တပ် ဘက်က မဖယ်ရှား တဲ့အတွက် နှစ်ဘက် တင်းမာမှုတွေ ဖြစ်လာ ခဲ့ကြတာပါ။

အခု ညွန်ကြားချက်ကို မိုင်းတုံမြို့နယ် ပုံပါကျင် မြို့နယ်ခွဲ အခြေစိုက် အစိုးရ တပ်က စစ်ဗျူဟာမှူးက ပြီးခဲ့တဲ့ လကုန် လောက်တုန်းက ပေးပို့ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဝ တပ်ဘက်က ငြင်းဆိုမှု ကြောင့် အခု နောက်ဆုံး အခြေအနေမှာ ဝ တပ်ဖွဲ့ရဲ့ နယ်မြေတွေ ဘက်ကို အစိုးရစစ်တပ် ဘက်က အင်အားတွေ အပါအ၀င် သံချပ်ကာ ကားတွေနဲ့ ပို့ဆောင် ဝန်းရံ နေတဲ့ အဆင့်ထိ ဖြစ်လာ ပါတယ်။

ဝ ကလည်း စစ်ပြင်

ဝ တပ်ဖွဲ့ ဘက် ကလည်း ပြန်လည် ခုခံဖို့ စစ်ရေး ပြင်ဆင်မှုတွေ အပြင် စားနပ် ရိက္ခာတွေ အတွက်ပါ ကြီးကြီးမားမား ပြင်ဆင် လာတယ်လို့ တောင်ပိုင်း ၀တပ်ဖွဲ့ အရာရှိ တွေနဲ့ နီးစပ်တဲ့ နားကောင်းမှူး ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ် လောက်က အစိုးရ စစ်တပ်ရဲ့ သံချပ်ကာ ကား အစီး ၂ဝ ကျော် တာချီလိတ် ဘက်ကနေ တက်လာတာကို သူကိုယ်တိုင် တွေ့လိုက်ပြီး သွားရာ လမ်းက ဝ တပ်ဖွဲ့တွေရဲ့ နယ်မြေတွေ ဘက်ကို ဦးတည် နေတယ်လို့ သိရပါတယ်။

ဒါကို ဝ တပ်ဖွဲ့ဘက် ကလည်း သိပေမယ့် ဝ တပ်ဖွဲ့ဘက် ကတော့ ဘယ်နည်းနဲ့ ဖိအားပေး လာသည် ဖြစ်ဖြစ် ရွှေ့ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါကြောင့် ဝ တပ် အနေနဲ့ တပ်သားတွေ အပြင် သူတို့ စစ်သင်တန်း ပို့ချ ပေးထားတဲ့ ၀ ပြည်သူ တွေကိုပါ အသင့် အနေ အထားမှာ ရှိဖို့ ညွှန်ကြားထား ပါတယ်။

နောက်ပြီးတော့ ဒေသတွင်းက ကုန်စုံဆိုင် တွေမှာရှိတဲ့ ကြာရှည် ခံတဲ့ မာမား ခေါက်ဆွဲလို ခေါက်ဆွဲခြောက်၊ မုန့်ခြောက်၊ ရေသန့်ဗူး စတာတွေကို တဆိုင်လုံး သိမ်းကြုံး ၀ယ်ယူ စုဆောင်း နေတယ်ဆိုပြီး အစိုးရနဲ့ ဝ တပ် ရဲ့ စစ်ရေး ပြင်ဆင်မှု အခြေအနေကို ပြောပြ သွားပါတယ်။

ဒီစစ်ရေး ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြု နိုင်ဖို့ ဌာနချုပ်မှာ ရှိတဲ့ တာ၀န် ရှိသူ အကြီးအကဲတွေ ကို ဆက်သွယ် ပေမယ့် မရခဲ့ ပါဘူး။

ဝ နဲ့ ရှမ်း

၀ တပ်ဖွဲ့ ဌာနချုပ်ဟာ တရုတ်-မြန်မာ နယ်စပ် ပန်ဆန်းမှာ ရှိနေတာ ဖြစ်ပြီး အခု မြန်မာ အစိုးရ တပ်ဘက်က ရွှေ့ခိုင်း ထားတယ် ဆိုတဲ့ ဝ တပ်စခန်း တွေဟာ အရင် စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်တုန်းက အစိုးရက နေပြီး ရှမ်းပြည် တောင်ပိုင်း ဒေသ တချို့ကို အုပ်ချုပ်ဖို့ ခွဲဝေ ပေးထားတဲ့ နေရာ တွေပဲ ဖြစ်ပါတယ်။

အဲဒီလို နေရာချ ပေးစဉ် တုန်းက ရှမ်းပြည် တောင်ပိုင်း တပ်မတော် SSA နယ်မြေ ကျဉ်းသွားအောင် ရည်ရွယ်တယ်လို့ SSA က ပြောခဲ့ဖူး ပါတယ်။

ဒါကြောင့် အခု အစိုးရ တပ်နဲ့ ၀ တပ်တို့ ကြားမှာ ရှိနေတဲ့ တင်းမာမှုဟာ SSA ဘက်က ရွှေ့ခိုင်းတဲ့ ပုံစံမျိုး ဖြစ်အောင် ဝ တပ်ဖွဲ့ ကို သွေးထိုး ပေးနေသူတွေ ရှိတယ်လို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) RCSS/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဘီဘီစီကို ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ