ဦးသိန်းစိန်နဲ့ လူ့အခွင့်အရေး ကိစ္စ

့hrw burma
Image caption ချိုးဖောက်မှုတွေ ဖော်ထုတ် အရေးယူဖို့ HRW တိုက်တွန်း

မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန် ခရီးစဉ် အတွင်း လူ့အခွင့်အရေး ကိစ္စတွေ နဲ့ စပ်လျဉ်း ပြီး မြန်မာ သမ္မတကို ဖိအားပေး တိုက်တွန်း သွားဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း နှိုးဆော် ခဲ့ပါတယ်။

မြန်မာ ပြည်က မွတ်ဆလင် တွေ အပေါ် ရက်စက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကျူးလွန် ခဲ့တာ တွေကို အရေးယူ ဆောင်ရွက်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ နိုင်ငံတကာ စံချိန်မီ ဥပဒေ တွေ ပြဋ္ဌာန်း ပေးဖို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က တောင်းဆို ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ရဲ့ သုတေသန လုပ်သူတွေ မြန်မာ နိုင်ငံ တွင်းကို အကြိမ်ကြိမ် သွားခဲ့ပါတယ်။ ရခိုင် ပြည်နယ် ကိုလည်း ရောက်ပါတယ်။

အဲဒီမှာ မျက်မြင် သက်သေတွေ ကိုယ်တိုင် ခံစားရသူ တွေနဲ့ တွေ့ဆုံပြီး လေ့လာ တွေ့ရှိချက် တွေကို ပြီးခဲ့တဲ့ ဧပြီလက အစီရင်ခံစာ ရေးခဲ့ပါတယ်။ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ဘယ်လို ချိုးဖောက်ခံ နေရတယ် ဆိုတာ အစီရင်ခံစာ တစောင် ပြည့်ပြည့် စုံစုံ ရေးခဲ့ ပါတယ်။

ပြီးတော့ အခု ပဋိပက္ခ တွေဟာ လူမျိုး တမျိုးနဲ့ တမျိုး နှစ်ပေါင်း များစွာ မုန်းတီးမှု တခုထဲ မကပါဘူး။ အထူးသဖြင့် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှု တွေမှာ အစိုးရနဲ့ ပြည်နယ် တာဝန်ရှိ သူတွေ ပါနေတာ တွေ့ရတဲ့ အတွက် ဒါဟာ ethnic cleansing ရိုဟင်ဂျာ တွေကို သူတို့ရဲ့နေရာ ဒေသတွေ ကနေ အတင်း ပြောင်းရွှေ့ပြီး သုတ်သင် ရှင်းလင်းတာ လို့ HRW က ရေးသားပါတယ် ။

ကင်မရွန်း လုပ်ရမှာက

ဒေးဗစ် ကင်မရွန်း နဲ့ ဦးသိန်းစိန် တွေ့တဲ့အခါ ဒီပြစ်မှု တွေမှာ ဘယ်သူ့မှာ တာဝန် ရှိတယ် ဆိုတာ ကုလသမဂ္ဂလို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး အစိုးရက ဖေါ်ထုတ် အရေးယူဖို့ ဖိအား ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကပဲ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု တွေထဲက လက်နက် တင်ပို့ရောင်းချမှု ကလွဲလို့ အားလုံးလိုလို လျှော့ချ လိုက်ပါပြီ။ အဲဒီတုန်း ကလည်း ဒါဟာ အချိန်မတန်သေးဘူး ဆိုပြီး HRW က ထောက်ပြ ဝေဖန်ခဲ့ ပါတယ်။

အခု ဗြိတိန် အနေနဲ့ စီးပွားရေး ကုန်သွယ်ရေး သံတမန်ရေး ကဏ္ဍတွေ ကနေ တွန်းအားပေး နိုင်သေးပါတယ်။ ပြည်တွင်းမှာ အပြောင်းအလဲတွေ လုပ်တယ် ဆိုပေမယ့် ဦးသိန်းစိန်က သမ္မတ အိုဘားမားကို ကတိ ပေးထားတဲ့ အတိုင်း လူ့အခွင့်အရေး ပိုကောင်းအောင် လုပ်မယ် ဆိုတာ အချို့ပဲ ဆောင်ရွက်နိုင် ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာရုံး ပြည်တွင်းမှာ ဖွင့်ခွင့် ပေးမယ်လို့ ကတိပြု ပေမယ့် အခုထိ ဘာမှ ဖြစ်မလာ သေးပါဘူး။ ဒီကိစ္စတွေကို ဒေးဗစ် ကင်မရွန်းရော ဝီလျံဟိတ်ပါ ပြောဆို တိုက်တွန်းဖို့ လိုပါတယ်။

လျစ်လျူ မရှုနိုင်

၂နှစ်အတွင်း ရွေးကောက်ပွဲ တွေက တဆင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပါတီဝင် တွေ နိုင်ငံရေး လုပ်လာနိုင်တာ သတင်း လွတ်လပ်ခွင့် အချို့ ရလာပြီး အင်ဂျီအိုတွေ သွားလာ လှုပ်ရှားနိုင်တာ တွေဟာ ကြိုဆို ထိုက်ပါတယ်။

ဒါပေမဲ့ ရခိုင် ကချင်ရှမ်း စတဲ့ ပြည်နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာ၊ ညှဉ်းပန်း နှိပ်စက် တာတွေကို လျစ်လျူရှု ထားလို့ မဖြစ်ပါဘူး။

စီးပွားရေး ပြုပြင်ပြောင်းလဲ လာပေမယ့် စစ်တပ်က စီးပွားရေးမှာ လက်ဝါးကြီး အုပ်ထားဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲ တွေဟာ နောက်ကြောင်း ပြန်မလှည့်အောင် ခိုင်မာတယ် ဆိုတာ ပြောဖို့ အဝေးကြီး လိုပါသေးတယ်။

ဆက်ပြုပြင် ပြောင်းလဲအောင် နိုင်ငံတကာ အားပေး ထောက်ခံမှု လိုသလို အခြေခံ လူ့အခွင့်အရေး ကိုလည်း နိုင်ငံတကာ စံနှုန်းအတိုင်း လိုက်နာအောင် ဆက်ဖိအား ပေးဖို့ လိုလိမ့်မယ်လို့ HRW ဗြိတိန် ဒါရိုက်တာ David Mepham က ဘီဘီစီကို ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ