ညွှန်မှူး အဆင့် ပါတဲ့ အခွန် အရာရှိ ၃၀ ကျော်ကို အရေးယူ

President U Thein Sein
Image caption ကောင်းမွန် သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေရ မယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာ လာချင်း ပြောခဲ့

ဘဏ္ဍာရေး ဝန်ကြီးဌာနက အခွန်နဲ့ သက်ဆိုင်တဲ့ အရာရှိ ၃၁ ယောက် ကို အရေးယူ မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန အဆင့်မြင့် တာဝန်ရှိ သူက ဘီဘီစီကို အတည်ပြုပြော ပါတယ်။

အိမ်ခြံမြေ ရောင်းဝယ် ရေးနဲ့ သက်ဆိုင်တဲ့ အခွန်နဲ့ ပတ်သက်တဲ့ အဂတိ လိုက်စားမှုကြောင့် အခုလို အရေးယူတာ ဖြစ်ပြီး နိုင်ငံတော်ကို ကျပ်သိန်း ၆ဝဝဝ ကျော် ပြန်ပေး ခဲ့ရတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့က အခွန် အရာရှိ ၁၃ ယောက် ကို ရာထူးက ဖယ်ရှား လိုက်ပြီး ၇ ယောက် ကို ဌာန ပြောင်းရွေ့ခဲ့ ပါတယ်။

အရာရှိ ၁၁ ယောက်ကိုတော့ အငြိမ်းစား ပေးခဲ့တယ် လို့လည်း အဲဒီ အရာရှိက ပြောပါတယ်။

အရေးယူ ခံကြ ရသူတွေထဲမှာ ညွှန်ကြားရေးမှူး အဆင့် ၃ ယောက်၊ လက်ထောက် ညွှန်ကြားရေးမှူး ၂၁ ယောက်၊ ဦးစီး အရာရှိ ၇ ယောက်တို့ ဖြစ်ကြ ပါတယ်။

ရန်ကုန်တိုင်းက ၂၃ ယောက်နဲ့ မန္တလေး တိုင်းက ၄ ယောက် ပါဝင်ပြီး အများ အားဖြင့် မြို့နယ် ဦးစီး အရာရှိတွေ အရေးယူခံခဲ့ကြ ရတာလို့ သူက ဆိုပါတယ်။

အဲဒီ အခွန် အရာရှိတွေကို ဥပဒေကြောင်း အရ အရေးယူနိုင်ပေမဲ့ နည်း စနစ် တကျ ဆောင်ရွက်ဖို့ အားနည်းမှု အဖြစ်သာ သတ်မှတ်ပြီး ဝန်ထမ်း စည်းမျဉ်း စည်းကမ်း အရပဲ အရေးယူ ခဲ့တာ လို့ အခွန် အရာရှိက ပြောပါတယ်။

ဦးသိန်းစိန် အစိုးရ တက်လာခဲ့ ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ နှစ်က အကောက်ခွန် အရာရှိ ၃၃ ယောက် အပါအဝင် အမှုထမ်း အရာထမ်း ၄၆ ယောက် ကို အရေး ယူခဲ့ပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ